၄ ဧပြီ ၂၀၂၆ ၊ New Day Myanmar
ရန်ကုန်မြို့နယ်အများစုမှာ လျှပ်စစ်မီးပြတ်တောက်ချိန်ဟာ ပိုများလာနေပြီး၊ အရင် အုပ်စုနှစ်စုခွဲပြီး ၄ နာရီခြား အလှည့်ကျ ပေးမယ်ဆိုတဲ့ အချိန်ဇယားအတိုင်း မဟုတ်တော့ဘဲ ပြတ်တောက်ချိန် ပိုများလာနေတာလည်း ဖြစ်ပါတယ်။
နွေရာသီကို ရောက်ရှိလာခဲ့ပြီဖြစ်တာကြောင့် လျှပ်စစ်သုံးစွဲမှု မြင့်တက်လာတာနဲ့အတူ လျှပ်စစ်ဓာတ်အား ဝန်အားမျှတ ခွဲဝေဖြန့်ဖြူးမှု (Planned Load Shedding) ကို မတ်လကနေ ဇွန်လအထိ ၄ လကြာ ဝန်အားထိန်းညှိ ဖြန့်ဖြူးပေးသွားမယ်လို့ စစ်ကော်မရှင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
“ဘယ်လိုမှ ၄ နာရီမခြားဘူး။ ထုတ်ပြန်တာက တမျိုး လုပ်နေတာက တမျိုး။ အခု အချို့မြို့နယ်တွေမှာ ၂ နာရီခြား တစ်ခါ ပျက်နေသလို အချို့မြို့နယ်တွေ နေ့တဝက်ကျော်လောက်မှ ၂ နာရီလာပြီး ပြန်ပျက်သွားပြန်ရော။ နောက်ဆို ဒီထက်ဆိုးမယ်လို့လည်း ကြားနေရတယ်” လို့ ရန်ကုန်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
လျှပ်စစ်မီး ပြန်လာချိန် ခပ်စိတ်စိတ် ဖြစ်ပေါ်လာတာကြောင့် နောက်ဆက်တွဲအနေနဲ့ အပူဒဏ် မခံစားနိုင်တဲ့ ဝေဒနာရှင်တွေ၊ သက်ကြီးရွယ်အိုတွေ သေဆုံးတာရှိသလို ဆေးရုံဆေးခန်း ပြယူရတဲ့ အခြေအနေတွေပါ ကြုံတွေ့နေရပါတယ်။
ဒါ့အပြင် အထပ်မြင့်တိုက်ခန်းတွေမှာ သုံးရေပြတ်လပ်မှုကြောင့် အခက်ကြုံနေပြီး၊ ပရဟိတသမားတွေကို မှာယူကြပေမယ့်တစ်ဖက်မှာ စက်သုံးဆီ ဈေးမြင့်တက်လာတာကြောင့် အခမဲ့ပေးဝေတာမျိုး မလုပ်ပေးနိုင်တော့ဘူးလို့ ရန်ကုန် ပရဟိတလုပ်ကိုင်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
“မီးပြတ်တော့ ရေမတင်နိုင်ကြဘူး။ ကျွန်တော်တို့ဆီ ရေအကူအညီတောင်း၊ ကျွန်တော်တို့ဘက်ကလည်း အရင်လို အခမဲ့ မကူနိုင်တော့ဘူး။ စက်သုံးဆီဖိုး မျှခံခိုင်းတော့ ပရဟိတလုပ်ပြီး ငွေတောင်းတယ် ဖြစ်ပြန်ရော။ အရာအားလုံးက စုတ်ပြတ်သတ်လာတာ တစ်ယောက်နဲ့ တစ်ယောက် ကူဖို့တောင် အခွင့်အလမ်း မသာတော့ဘူး” လို့ ဆိုပါတယ်။
လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း “ကျွန်တော်တို့ဆိုင်က အရင်ဆို မီးပြတ်တာနဲ့ မီးစက်ဖွင့်ပြီး အဲယားကွန်းရော မီးချောင်းပါ ဖွင့်ပေးထားတယ်။ အခုက ဆီကလည်း ဈေးမြင့်လာတော့ မဖွင့်ပေးနိုင်တော့ဘူး။ ဒီတော့ ဆိုင်လူအလာ ကျဲသွားတာပေါ့” လို့ အမည်မဖော်လိုတဲ့ ကော်ဖီဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
ရန်ကုန်မြို့က အဆင့်မြင့် ကော်ဖီဆိုင်တွေအပါအဝင် ဆံသဆိုင်တွေ၊ စာအုပ်ဆိုင်တွေဟာ လျှပ်စစ်မီးပြတ်တောက်ချိန်မှာ လူအဝင်များချိန်လောက်သာ မီးစက်နှိုးပေးပြီး ကျန်တဲ့အချိန်တွေမှာ အားသွင်းမီးလုံးတွေကိုသာ အားပြုနေကြရတာတွေ့မြင်ရပါတယ်။
အရင် အရပ်သားအစိုးရလက်ထက် လျှပ်စစ်မီးပေးဝေရာမှာ ရေအားလျှပ်စစ်က ဓာတ်အားများအပြင် LNG ဓာတ်ငွေ့က ပေးပို့တဲ့ ဓာတ်အားတွေကို စနစ်တကျ စီမံခန့်ခွဲ လုပ်ဆောင်ခဲ့တာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအပြင် ပြည်တွင်းလုပ်ငန်းတွေပါ အချိန်ပြည့် လည်ပတ်နိုင်ခဲ့ပြီး နွေရာသီကာလတွင်ပင် ဓာတ်အားပြတ်တောက်မှု မရှိအောင် ပေးဝေနိုင်ခဲ့ပါတယ်။
ဓါတ်ပုံ – ရဲသူရိန်


