ဩဂုတ် ၇၊ ၂၀၂၆ | New Day Myanmar
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးမြစ်ကမ်းအနီးရှိ ကျေးရွာ ၁၇ ရွာကျော်မှာ ဩဂုတ် ၆ ရက် ညဦးပိုင်းကစပြီး မြစ်ရေ အဆက်မပြတ်မြင့်တက်လာတာကြောင့် အိမ်ထောင်စု ၂,၀၀၀ ကျော်နဲ့ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်ခန့် ရေဘေးအန္တရာယ် ကြုံတွေ့နေရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ရေဘေးသင့်နေတဲ့ ကျေးရွာတွေထဲမှာ သပြေသာ၊ လက်ဆည်၊ ရုံးသာ၊ မူးရိုးကုန်း၊ ပေါက်ရင်း၊ မစိုးရိမ်၊ ကြူတော၊ ကျွဲတိုးခြုံ၊ အုတ်ဆည်၊ မူးကမ်း၊ ဆူးတပ်၊ မူးသစ်၊ လက်လှုပ် (တ)၊ လက်လှုပ် (မ)၊ သစ်ဆိမ့်၊ ဆင်ကျွံနဲ့ မြကန်သာ စတဲ့ ကျေးရွာတွေ ပါဝင်တယ်လို့ သိရပါတယ်။
မူးမြစ်ရေ မြင့်တက်လာတာကြောင့် အဲဒီကျေးရွာတွေမှာ နေအိမ်တွေ ရေဝင်ရောက်မှု၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ နေထိုင်ရေးဆိုင်ရာ အရေးပေါ်လိုအပ်ချက်တွေ ဖြစ်ပေါ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီပဲယင်းမြို့နယ်မှာ ဩဂုတ် ၆ ရက် နေ့လယ်ပိုင်းကလည်း အင်ဘုတ်ကျေးရွာအုပ်စု၊ ချောင်းရိုးကျေးရွာ မြောက်ဘက်ရှိ ချောင်းကို ဖြတ်ကူးနေတဲ့ ကောက်စိုက်အမျိုးသမီး ၁၀ ဦး ရုတ်တရက် ရေတိုးလာတာကြောင့် မျောပါသွားပြီး ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လက်ရှိမှာ ဒေသတွင်း မိုးရွာသွန်းမှုနဲ့ မြစ်ရေမြင့်တက်မှု ဆက်ရှိနေတာကြောင့် မူးမြစ်ဘေးတစ်လျှောက် ကျေးရွာတွေမှာ ရေကြီးရေလျှံမှု ထပ်မံဆိုးရွားလာနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ အထူးသတိထားကြဖို့ သတိပေးထားပါတယ်။

