Homeပြည်တွင်းသတင်းမင်းအောင်လှိုင် နဲ့ ဆက်လက် ဆက်ဆံမယ်လို့ ဖိလစ်ပိုင်ပြော

မင်းအောင်လှိုင် နဲ့ ဆက်လက် ဆက်ဆံမယ်လို့ ဖိလစ်ပိုင်ပြော

၄ ဧပြီ ၂၀၂၆ | New Day Myanmar

စစ်အုပ်စု လွှတ်တော်က သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖိလစ်ပိုင်နိုင်ငံဘက်က ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင် သမ္မတရုံး ပြန်ကြားရေးအရာရှိ ကလဲရ် ကတ်စထရိုက မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေးဖြစ်ထွန်းမှုတွေ၊ အထူးသဖြင့် မင်းအောင်လှိုင် သမ္မတဖြစ်လာတာကို ဖိလစ်ပိုင်အနေနဲ့ မှတ်တမ်းတင်ထားတယ်လို့ ပြောပါတယ်။

“ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ နိုင်ငံခြားရေးအတွင်းဝန် မာရီယာ သီရေဆာ ပီ လာဇာရိုကတစ်ဆင့်လည်းကောင်း၊ သံရုံးတွေကတစ်ဆင့်လည်းကောင်း မြန်မာနိုင်ငံဘက်က သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်လက် ချိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ဖိလစ်ပိုင်ဘက်က အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်လက်ထောက်ခံသွားမယ်လို့လည်း ဆိုပါတယ်။ အဆိုပါ ဘုံသဘောတူညီချက်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ စတင်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးပို့ရေးနဲ့ အထူးကိုယ်စားလှယ် ခန့်အပ်ရေးတို့ ပါဝင်ပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်အနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပိုမိုရောက်ရှိနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တာကြောင့် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ၊ လက်နက်ကိုင် ခုခံမှုတွေ ပေါ်ပေါက်ခဲ့ပြီး ဒီနေ့အထိ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။

ဒီအခြေအနေမှာ စစ်တပ်က လွှမ်းမိုးထားတဲ့ လွှတ်တော်က မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပြီး၊ ဒါဟာ စစ်အုပ်စုအာဏာကို ဆက်လက် ခိုင်မာစေဖို့ လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ပုံစာ – ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရေဆာ ပီ လာဇာရို နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တွေ့ဆုံစဉ်

ဓါတ်ပုံ – ဖိလစ်ပိုင် နိုင်ငံခြားရေးဌာန ဝဘ်ဆိုဒ်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး