၂၇ မတ် ၂၀၂၆ ၊ New Day Myanmar
ဒီကနေ့ မတ်လ ၂၇ ရက်နေ့ ရန်ကုန်မှာ စက်သုံးဆီ တစ်လီတာကို ကျပ် ၁,၀၀၀ ကျော် မြင့်တက်လာပြီး 92 Ron တစ်လီတာကို ၄,၄၅၀ ကျပ်၊ 95 Ron တစ်လီတာကို ၄,၉၇၅ ကျပ်အထိ ရောက်ရှိလာပါတယ်။
ဒါ့အပြင် ရိုးရိုးဒီဇယ် တစ်လီတာကို ၅,၄၅၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို ၆,၀၈၅ ကျပ်အထိ ဖြစ်လာပါတယ်။
အခုလို မြင့်တက်လာတာဟာ အရင်တစ်ပတ် ဈေးထက် 92 Ron တစ်လီတာ ၈၀၀ ကျပ်ကျော်၊ 95 Ron တစ်လီတာ ၁,၁၀၀ ကျပ်ကျော်နဲ့ ဒီဇယ် တစ်လီတာ ၁,၀၀၀ ကျပ်ကျော် အသီးသီး ထပ်မံ မြင့်တက်လာတာပဲ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခတွေ မြင့်တက်လာတာကြောင့် ပြည်တွင်း စက်သုံးဆီဈေးတွေဟာလည်း တစ်ရက်ထက်တစ်ရက် မြင့်တက်လာနေပါတယ်။
“ရန်ကုန်မှာက ဆီတန်းစီပွဲကြီးကို ဖြစ်လို့ အစောကြီးထ ဆီတန်းစီရတာ နေ့စဉ်အလုပ်တစ်ခုလိုတောင် ဖြစ်လာပြီ။ မစီလို့လည်း မရဘူးလေ။ ကျွန်တော်ဆို မနက် ၄ နာရီထဲက ထပြီး တန်းစီတာ အခု ၁၁ နာရီပြီ ဆိုင်ဆိုင်းဘုတ်တော့ စတွေ့ရပြီပေါ့” လို့ ရန်ကုန်နေ Delivery လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
စစ်ကော်မရှင်ကတော့ စက်သုံးဆီကို အင်ဂျင်ပါဝါအလိုက် ရက်သတ္တပတ်အတွင်း ဝယ်ယူခွင့်ကို စတင်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
“တစ်ပတ်ကို အများဆုံး နှစ်ရက်ဗျာ၊ အင်ဂျင်ပါဝါအလိုက်ဆိုတာနဲ့ ဘယ်လောက်ပဲ ရမယ်ဆိုတာမျိုး ကန့်သတ်လိုက်ရင် ပွဲကလှပြီ။ ကုန်ဈေးနှုန်း ဒီထက်ပိုကြီးလာမယ်” လို့ သူက မှတ်ချက်ပြု ပြောပါတယ်။
ဓာတ်ပုံ – New Day Myanmar


