၂၃ မတ် ၂၀၂၆၊ New Day Myanmar
ရန်ကုန်-မန္တလေး အဝေးပြေးယာဉ်စီးခတွေ ရက်ပိုင်းအတွင်း မြင့်တက်လာနေပြီး ၆၀,၀၀၀ ကျပ်ကနေ ၇၀,၀၀၀ ကျပ်နီးပါးအထိ မြင့်တက်လာနေတယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။
လွန်ခဲ့တဲ့ရက်က ရန်ကုန်-မန္တလေးခရီးအတွက် ကျပ် ၄၁,၀၀၀ သာ ရှိခဲ့ရာကနေ မနေ့က မတ်လ ၂၂ ရက်ကစလို့ အခုလို မြင့်တက်လာတာဖြစ်တယ်လို့ New Day Myanmar က စုံစမ်းသိရှိရပါတယ်။
စက်သုံးဆီဈေး မြင့်တက်လာတာ၊ ကန့်သတ်ချက်တွေနဲ့ ရောင်းချပေးနေတာကြောင့် ခရီးစဉ်မထွက်ဖြစ်ရင် ငွေပြန်အမ်းမယ်လို့ အဝေးပြေးယာဉ်လိုင်းအချို့က အသိပေးပြီးနောက်မှာ ယာဉ်စီးခဟာလည်း မြင့်တက်လာတာ ဖြစ်ပါတယ်။
“မနေ့ကစတက်တယ်။ ဒီအတိုင်းဆို ဆက်တက်ဖို့ပဲ ရှိမယ်။ ခရီးသွားလည်း မဖြစ်မနေ နားရက် အိမ်ပြန်မယ့်သူကလွဲလို့ ခရီးသွားတွေလည်း သွားမယ်လုပ်ပြီးမှ မသွားဖြစ်တော့တာတွေ များလာတယ်” လို့ ရန်ကုန် အဝေးပြေးလက်မှတ် ရောင်းချပေးသူတစ်ဦးက ဆိုပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးမြင့်တက်လာတာကြောင့် တစ်ကမ္ဘာလုံးနီးပါး စက်သုံးဆီ ရှားပါးပြီး ဈေးတက်လာတဲ့ ပြဿနာကို ရင်ဆိုင်နေကြရပြီး၊ ဒီစစ်ပွဲ မပြီးမချင်း စက်သုံးဆီ ပြတ်လပ်တာဟာ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ရန်ကုန်နေ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
“အခုက ဆီမပြတ်အောင် ကန့်သတ်ချက်နဲ့ ရောင်းနေတယ်။ လိုသလောက်လည်း မရ၊ ဈေးလည်းတက်ဆိုတော့ သင်္ကြန်အပြီးမှာ ပိုအခက်ကြုံလာနိုင်တယ်။ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် ထိန်းကြည့်မယ်။ မရတော့ရင်တော့ နားရမှာပေါ့။ လျှပ်စစ်မီးကလည်း အချိန်ပြည့် အရင်လို မရဘူးလေ။ အခု ရုရှားဘက်ကလည်း ဆီဝင်ဖို့ရှိတယ် ကြားနေတယ်။ ဒါလည်း စောင့်ကြည့်နေတယ်။ နိုင်ငံတိုင်းမှာ အကုန်ကြုံရတယ်ဆိုပေမယ့် စီမံခန့်ခွဲမှုအလွဲတွေတော့ မဖြစ်ဖို့လိုတယ်” လို့ မှတ်ချက်ပြု ပြောပါတယ်။
အဝေးယာဉ်စီးနင်းခ မြင့်တက်လာတာဟာ ရန်ကုန်-မန္တလေးမြို့တင်သာမက အခြားသောမြို့တွေကို သွားလာတဲ့ ယာဉ်စီးခတွေလည်း မြင့်တက်လာနေပါတယ်။
ဒါကြောင့် ခရီးသွားတွေဟာ ကုန်ကျစရိတ် ပိုမိုနည်းပါးတဲ့ ရထားခရီးစဉ်တွေကိုသာ ရွေးချယ်သွားလာနေတာကိုလည်း တွေ့မြင်ရပါတယ်။


