စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲအခင်းအကျင်းပုံမျိုးဖြစ်မလာနိုင်ဘူးလို့ SAC- M က မနေ့က ဒီဇင်ဘာ ၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
SAC-M ဆိုတာ မြန်မာနဲ့ ပတ်သက်လို့ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာအထူးကိုယ်စားလှယ်ဟောင်းတွေနဲ့ အချက်အလက်ရှာ ဖွေရေးအဖွဲ့ဝင်တွေပါဝင်တဲ့အဖွဲ့ တဖွဲ့ဖြစ်ပါတယ်။
SAC-M ရဲ့ ထုတ်ပြန်မှာ ရွေးကောက်ပွဲဟာ စစ်မှုထမ်းဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေး (USDP)ပါတီ အနိုင်ရရေးကိုသာအာမခံထားပြီး အမျိုးသားလွှတ် တော်နဲ့ ပြည်သူ့လွှတ်တော်ကို တပ်ကိုယ် စားလှယ်တွေ၊ ဒီပါတီကရွေးကောက်ခံရတဲ့အမတ်အများစုနဲ့ ထိန်းကျောင်းမယ့်သဘောလို့ ဆိုထားပါတယ်။
စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေကိုပဲ ပိုတိုးစေနိုင်တယ်လို့ဆိုထားပြီး နိုင်ငံတကာကလုပ်သင့်တဲ့ အချက်တွေကိုလည်း ကဏ္ဍအ လိုက်ထည့်ပြောထားပါတယ်။
ဒါကြောင့် မကြာခင်ပြုလုပ်မယ့်ရွေး ကောက်ပွဲဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ စစ်တပ်ရဲ့ အာဏာတည်မြဲရေးအတွက်သာရည်ရွယ်တယ်လို့ အဖွဲ့အစည်း ၄၁ ခုကို မေးမြန်းပြီး ထုတ်ပြန်ထားတဲ့ နောက်ဆုံးစာတမ်းမှာ SAC-M က ထောက်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အပြင် အာရက္ခတပ်တော် (အေအေ)၊ ကရင်အမျိုးသားအ စည်းအရုံး (KNU) တို့ပါ SAC- M ရဲ့ စစ်တမ်းမှာ ပါဝင်ဖြေဆိုထားကြပါတယ်။
အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့တွေစောင့်ကြည့်တဲ့ တနိုင်ငံလုံး အပစ်ခတ် ရပ်ဆဲရေးဖြစ်လာဖို့အပါအဝင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC)၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးတို့မှာ မြန်မာစစ်တပ်ကို အရေးယူနိုင် ရေးအတွက် နိုင်ငံတကာက လုပ်ဆောင်ဖို့လိုတယ်လို့လည်း SAC-M ရဲ့ စာတမ်းမှာ ဖော်ပြပါတယ်။ မြန်မာစစ်တပ်ကတော့ ရွေးကောက်ပွဲပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်၊ ဒုတိယပိုင်းကို ဇန်နဝါရီ ၁၁ ရက်မှာကျင်းပမှာဖြစ်ပြီး တတိယပိုင်းကျင်းပမယ့်ရက်ကို မထုတ်ပြန်သေးပါဘူး။
ကိုးကား -BBC


