၁၂ ဧပြီ ၂၀၂၆ ၊ New Day Myanmar
ထိုင်းနိုင်ငံ၊ လယောင်မြို့နယ်၊ ဘန်ချန်မြို့မှာရှိတဲ့ အဟောင်းပစ္စည်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးဟာ လုပ်ငန်းခွင်အတွင်း အလေးချိန်ရှိတဲ့ စက္ကူဖာပြိုကျရာကနေ ပိမိပြီး သေဆုံးခဲ့တဲ့အပေါ် အလုပ်ရှင်ဘက်က တာဝန်မယူတာကြောင့် အမှုကိစ္စကို အလုပ်သမားမဟာမိတ်အဖွဲ့ (WAG)က ထိုင်းအစိုးရ ရုံးဖွင့်ရက်မှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အလုပ်ရှင်ဘက်က တာဝန်မယူတာကြောင့် သေဆုံးသူ အမျိုးသမီးရဲ့ ရုပ်အလောင်းကို အလုပ်သမားမဟာမိတ်အဖွဲ့ (WAG)ကပဲ သဂြိုဟ်ဖို့ လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။
လတ်တလော နယ်မြေခံ ကျတ်ဟာငန်ရုံးမှာ အမှုကို ကြောင်းကြားတိုင်ကြားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၂၉ နှစ်အရွယ် သေဆုံးသူ အမျိုးသမီးဟာ အဲ့ဒီစက်ရုံမှာ အလုပ်ဝင်ရောက်လုပ်တာဟာ ၄ ရက်ခန့်သာရှိသေးပြီး ဒီကနေ့ ဧပြီ ၉ ရက် မနက် ၁၀ နာရီခွဲအချိန်မှာ လုပ်ငန်းခွင်အတွင်း အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
သူမဟာ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပလွန်စာကျေးရွာမှာ နေထိုင်သူဖြစ်ပြီး သေဆုံးမှုအတွက် မိသားစုဝင်များက အလုပ်သမားမဟာမိတ်အဖွဲ့ (WAG) ဆီကို အကူအညီ တောင်းခံခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ – အလုပ်သမားမဟာမိတ်အဖွဲ့ (WAG)


