၂၃ ဖေဖော်ဝါရီ၊ ၂၀၂၅
မြန်မာ့ပြည်တွင်းပဋိပက္ခတွေနဲ့ပတ်သတ်ပြီး အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn နဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Othman Hashimတို့ ဖေဖော်ဝါရီ ၂၁ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးနိုင်ရေးအပါအဝင် အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ချဉ်းကပ်ပုံနဲ့အမြင်ဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီလဆန်းပိုင်းမှာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပေမယ့် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။ ဒီခရီးစဉ်မတိုင်ခင်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံဖို့ ရှိကြောင်း သတင်းထွက်ပေါ်ဖူးပါတယ်။
အဲဒီခရီးစဉ်ပြီးတဲ့နောက် မစ္စတာ အော့သ်မန် ဟာရှင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေဘက်က သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။
ဓာတ်ပုံ – Asean