Homeပြည်တွင်းသတင်းမန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုအပေါ် NUG ရှုံ့ချ

မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုအပေါ် NUG ရှုံ့ချ

၂၀ အောက်တိုဘာ၊ ၂၀၂၄

မန္တလေးမြို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးကို အောက်တိုဘာ ၁၈ ရက်ညနေပိုင်းက လက်လုပ်ဗုံးနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ရှုံ့ချကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

NUG အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးပျက်ပြားစေမယ့် အကြမ်းဖက်လုပ်ရပ်တွေ၊ အကာအကွယ်ပေးရမယ့် သံတမန်ဆိုင်ရာအဆောက်အအုံတွေကို တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုံ့ချတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၈ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေး အပြည့်အဝယူပေးထားတဲ့ မန္တလေး တရုတ်ကောင်စစ်ဝန်ရုံးမှာ လက်လုပ်ဗုံးနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ထပ်ဆောင်အမိုးပြိုကျ ပျက်စီးခဲ့ပါတယ်။ ဒီဖြစ်ရပ်‌ကြောင့် လူမျိုးရေးအမုန်းတရားပဋိပက္ခ ဖြစ်ပွားမှာကို စိုးရိမ်ကြောင်း နဲ့ NUG အနေနဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမယ့် ဘယ်လုပ်ရပ်မျိုးကိုမဆို အစဥ်တစိုက်ဆန့်ကျင်သွားမယ်လို့ ဖော်ပြပါတယ်။

NUG အနေနဲ့ ၂၀၂၁ ခုနှစ် ဧပြီလကတည်းက အိမ်နီးချင်းနိုင်ငံတွေအပေါ် သဘောထားကြေညာချက်ကို ထုတ်ပြန်ထားပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့စပ်လျဥ်းတဲ့ မူဝါဒကို ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်းနဲ့ ဒီမူဝါဒသဘောထားတွေအတိုင်း ဆက်လက်ရပ်တည်သွားမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသားရေးလှုပ်ရှားမှု အမည်ခံပြီး တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ၊ ဆန့်ကျင်လှုပ်ရှားမှုတွေ ဆောင်ရွက်နေပြီး အရင်ကလည်း တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့ဖူးတဲ့ တရားခံဖြစ်တယ်လို့ NUG က သတိပေးပါတယ်။ NUG အနေနဲ့ သဘောထားမတူညီမှုတွေ ရှိပေမယ့် သံတမန်နည်းအရသာ ညှိနှိုင်းဆွေးနွေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေး တရုတ်ကောင်စစ်ဝန်ရုံးပေါက်ကွဲမှုဖြစ်စဉ်ကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပြီး အကြမ်းဖက်သမားများကို ဖမ်းမိဖို့ ဆောင်ရွက်နေပြီး လုံခြုံရေးအစီအစဉ်တွေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ကြေညာထားပါတယ်။ မန္တလေးမြို့မှာ တရုတ်ကောင်စစ်ဝန်ရုံးရှိရာ နေရာဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လုံခြုံရေးအများအပြားချထားတဲ့နေရာ ဖြစ်ပါတယ်။

ပုံစာ – ရန်ကုန်မြို့တရုတ်သံရုံးကို စစ်ကောင်စီလုံခြုံရေးပေးနေစဉ် (ပုံဟောင်း)

Photo – TRT

ဆက်စပ် သတင်းများ

Most read