Homeပြည်တွင်းသတင်းစစ်အုပ်စုက အိမ်ရှင်အဖြစ်ကျင်းပမယ့် အစည်းအဝေး ၁၉ ခုကို အာဆီယံ စီစဉ်ထား

စစ်အုပ်စုက အိမ်ရှင်အဖြစ်ကျင်းပမယ့် အစည်းအဝေး ၁၉ ခုကို အာဆီယံ စီစဉ်ထား

၉ အောက်တိုဘာ၊ ၂၀၂၄

စစ်အုပ်စုက မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အစည်းအဝေး ၁၉ ခုကို အာဆီယံက စီစဉ်ထားတယ်လို့ သတင်းရရှိပါတယ်။

စစ်အုပ်စုဟာ လက်နက်မဲ့ အရပ်သားပြည်သူတွေ အပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အတွက် တာဝန်ရှိသူတွေ ဖြစ်ပေမယ့် အာဆီယံအဖွဲ့ဝင်တွေက စစ်အုပ်စုကို အစိုးရ ကိုယ်စားလှယ်တွေ သဖွယ် လက်ဆွဲနှုတ်ဆက် ဓာတ်ပုံရိုက်ကာ ထိတွေ့ဆက်ဆံကြလိမ့်ဉီးမယ်လို့ Defend Myanmar Democracy အဖွဲ့က ထုတ်ပြန်ပါတယ်။

အကြမ်းဖက် မြန်မာစစ်တပ်ဟာ ကလေးငယ် ၆၀၀ ကျော် အပါအဝင် အရပ်သားပြည်သူ ၅၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်သလို အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အပေါ် စနစ်တကျ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကျူးလွန်လုပ်ဆောင်နေပေမယ့် စစ်အုပ်စုကို အာဆီယံက အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အစည်းအဝေးတွေ အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ပြုထားတယ်လို့ သိရပါတယ်။

စစ်အုပ်စုသည် အင်တာနက်အသုံးပြုမှုကို ကန့်သတ်ပိတ်ပင်ထားပြီး ဆန့်ကျင်တော်လှန်နေသူများကို ခြေရာခံ အပြစ်ပေးနှိပ်စက်နိုင်ရန်အတွက် ထောက်လှမ်းရေးနည်းပညာတွေ အသုံးပြုပြီး ကိုယ်ရေးကိုယ်တာနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ချိုးဖောက်ပိတ်ပင်နေပေမယ့် အာဆီယံအနေနဲ့ ဆက်သွယ်ရေးဆိုင်ရာ စည်းမျဉ်းဥပဒေအကြောင်းတွေကို အကြမ်းဖက်စစ်အုပ်စုနဲ့ ဆွေးနွေးဦးမှာဖြစ်ပြီး စစ်အုပ်စုရဲ့ချိုးဖောက်ကျူးလွန်မှုတွေ အပေါ် တရားဝင်မှု ပေးနေဉီးမှာဖြစ်တယ်လို့ Defend Myanmar Democracy ရဲ့ အောက်တိုဘာ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အဲ့ဒီလို အစည်းအဝေးတွေကို လက်ခံကျင်းပစေခြင်းအားဖြင့် အာဆီယံဟာစစ်အုပ်စုကို တရားဝင်မှုတွေ ပေးအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်တောနဲ့ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်တွေက ရရှိလာတဲ့ အမြတ်အစွန်းတွေနဲ့ ပြည်သူလူထုကို ပြန်လည်အကြမ်းဖက်နေခြင်းသာဖြစ်ပြီး အာဆီယံဟာအဆိုပါ ကိစ္စတွေကိုလည်း စစ်အုပ်စုနဲ့ တိုင်ပင်ဦးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အပြစ်မဲ့ပြည်သူတွေ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်ခံနေရမှုတွေ အားလုံးအတွက် တာဝန်ရှိတဲ့ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံနေတာဟာ စစ်အုပ်စုရဲ့ ရာဇ၀တ်မှုတွကို တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေးနေခြင်းသာဖြစ်ပြီး ဒီလို အစည်းအဝေးတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ရှိရင်းစွဲ သံတမန်နဲ့ ကြားခံဖျန်ဖြေသူအဖြစ်ရှိနေတဲ့ အာဆီယံအပေါ် ယုံကြည်ကိုးစားမှု ဆုံးရှုံးစေမယ်လို့ လည်း ဖော်ပြထားပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို အောက်တိုဘာလ ၉ ရက်ကနေ ၁၁ ရက်အထိ လာအိုနိုင်ငံမှာ ကျင်းပနေပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်နေပါတယ်။

ပုံစာ – လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ လက်ဆွဲနှုတ်ဆက်နေကြစဉ်

ပုံ – Asean

ဆက်စပ် သတင်းများ

Most read