Homeပြည်တွင်းသတင်းထိုင်းရောက်မြန်မာလူထုအပေါ် စာနာစိတ်ထားပြီကူညီပေးဖို့ ထိုင်းနိုင်ငံကို NUCC မေတ္တာရပ်ခံ

ထိုင်းရောက်မြန်မာလူထုအပေါ် စာနာစိတ်ထားပြီကူညီပေးဖို့ ထိုင်းနိုင်ငံကို NUCC မေတ္တာရပ်ခံ

၂၄ စက်တင်ဘာ၊၂၀၂၄

အဏာသိမ်းမှုကြောင့် ရှောင်တိမ်းလာရတဲ့ မြန်မာပြည်သူလူထုအပေါ် စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးဖို့ ထိုင်းနိုင်ငံကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က စက်တင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူလူထု ရင်ဆိုင်နေရတဲ့ ခက်ခဲ့တဲ့ အခြေအနေအရပ်ရပ်အပေါ် သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ အစိုးရတွေက နားလည်သိမြင်ပြီး ထောက်ပံ့ကူညီ ပေးနေမှုတွေ အပေါ် အလေးအနက် တန်ဖိုးထားအသိအမှတ်ပြုတယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး ပြည်ပရောက် မြန်မာပြည်သူများအနေနဲ့လည်း အသက်ရှင် ရပ်တည်နိုင်ဖို့ စိန်ခေါ်မှုတွေ အပြင် တရားဝင်နေထိုင်ခွင့်၊ အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံလိုအပ်ချက်တွေ များစွာရှိနေတာကြောင့် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ပိုမိုထိရောက် လေးနက်တဲ့ အကူအညီတွေ ပေးဖို့ကိုလည်း NUCC က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ၄နှစ်နီးပါးရှိလာချိန်မှာ မြန်မာပြည်သူ သန်းနှင့်ချီ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းတိမ်း ရှောင်ခိုလှုံနေကြရပြီး အဆိုပါရွှေ့ပြောင်းလာသော မြန်မာတွေနဲ့ပတ်သက်ပြီး ထိုင်းအမျိုးသားရေးလှုပ်ရှား သူအချို့က မေးခွန်းထုတ်ဆန့်ကျင်မှုများ ရှိလာခဲ့ကြောင်း ထိုအခြေအနေတွေကို NUCC က သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အစိုးရတွေ ပြည်သူတွေကိုမေတ္တာရပ်ခံ ပန်ကြားချက်နဲ့ ပြည်ပနိုင်ငံအသီးသီးကို ရောက်ရှိနေတဲ့ မြန်မာပြည်သူတွေကို တိုက်တွန်းနှိုးဆော်ထားပါတယ်။

စစ်အုပ်စုထံမှ ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သူလူထုအပေါ် စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေး ဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့်ပေးတဲ့ အစီအစဉ်တွေကို ရေးဆွဲ အတည်ပြုပေးစေလိုကြောင်း ထိုင်းနိုင်ငံကို NUCC က တောင်းဆိုထားပါတယ်။

ထို့အပြင် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ချမှတ်ထားသော ဥပဒေများ၊ စည်းမျဥ်းစည်းကမ်းများ၊ ယဥ်ကျေးမှု ဓလေ့ထုံးတမ်း အစဥ်အလာများကို လေးစားလိုက်နာပြီး အိမ်ရှင်တိုင်းပြည်မှ ဒေသခံပြည်သူတွေနဲ့ သဟဇာတရှိရှိ ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားရန်လည်း NUCC က တောင်းဆိုထားပါတယ်။

မြန်မာပြည်သူလူထုရဲ့ အန္တိမပန်းတိုင်ဖြစ်သော စစ်မှန်ပြည့်ဝတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအဖြစ် စုစည်း တည်ဆောက်ပြီးချိန်တွင် ယခုကြုံတွေ့နေရသော အခက်အခဲ အကြပ်အတည်းအတွင်း ကူညီဖေးမမှုပေးခဲ့သော နိုင်ငံတကာ အစိုးရတွေနဲ့ ပြည်သူတွေကို ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်သွားမည်ဖြစ်ပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနဲ့ လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးစတဲ့ ဒေသအတွင်း အကျိုးပြုကိစ္စရပ်များတွင်လည်း ရှေ့ဆက် အတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ NUCC က ထုတ်ပြန်ထားပါတယ်။

ပုံစာ – မဲဆောက်စျေး တစ်နေရာ နှင့် NUCC၏ ထုတ်ပြန်ချက်

ဆက်စပ် သတင်းများ

Most read