Homeပြည်တွင်းသတင်းထိုင်းက ပြန်အပ်တဲ့ လူငယ်တွေကို စစ်တပ်က အဓမ္မစစ်မှုထမ်းဖို့ ခေါ်ဆောင်ရာ လမ်းမှာ ထွက်ပြေးလွတ်မြောက်

ထိုင်းက ပြန်အပ်တဲ့ လူငယ်တွေကို စစ်တပ်က အဓမ္မစစ်မှုထမ်းဖို့ ခေါ်ဆောင်ရာ လမ်းမှာ ထွက်ပြေးလွတ်မြောက်

၁၁ စက်တင်ဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံမှာ အဖမ်းခံရပြီး စစ်ကောင်စီ လက်ထဲ အပ်ခံရတဲ့ လူငယ် ၂၉ ယောက်ကို စစ်မှုထမ်းဖို့အတွက် ခေါ်သွားရာ လမ်းမှာ ပြန်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ Kwekalu News က ဖော်ပြထားပါတယ်။

ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး စစ်ကောင်စီကို ပြန်အပ်ခဲ့ကြောင်း ၊ ပြန်အပ်ပြီးနောက်မှာ လူငယ် ၂၉ ဦးကို စစ်မှုထမ်းဖို့ လှေတစ်စီးနဲ့ တိုင်း ဗဟို ၁၂ ကို ခေါ်ဆောင်လာတုန်း လှေပေါ်က အစောင့် စစ်သား ၂ ဦးဆီက သေနတ်လုပြီး ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

လှေပေါ်ပါလာသူ ၂၉ ဦးထဲက ၂ ဦး ပျောက်ဆုံးနေပြီး ၂၇ ဦးမှာ MA သေနတ် ၂ လက်ကို ယူဆောင်ကာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ကို ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၈ ရက်မှာ ပုလောမြို့နယ် ခန္တီရွာအနီးက ပင်လယ်ပြင်မှာ လှေအစောင့် စစ်သား နှစ်ယောက်ကို တိုက်ခိုက်ပြီး ထွက်ပြေးလာတာဖြစ်ပြီး KNU တပ်မဟာ ၄ တပ်ရင်း ၇ တပ်ခွဲ၅ ကို စက်တင်ဘာ ၉ ရက်က ရောက်ရှိလာတာ ဖြစ်ပါတယ်။

လာရောက်ပူးပေါင်းတဲ့ လူငယ် ၂၇ ဦးထဲက ၅ ဦးမှာ အိမ်ကို ပြန်ဖို့ ဆန္ဒရှိနေပြီး ၂၂ ဦးမှာ ပူးပေါင်းတိုက်ပွဲဝင် လိုကြတယ်လို့ KNU ဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံဘက်က အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံရသူတွေဟာ မြန်မာပြည်ကို ပြန်လွှဲခံရပြီး စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်ပြီး အတင်း အဓမ္မစစ်မှုထမ်းခိုင်းနေကြတယ်လို့ ကော့သောင်းဘက်က လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေပြောဆိုမှုအရ သိရပါတယ်။

ပုံစာ – စစ်ကောင်စီလက်က ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်များ

Photo – Kwekalu News

ဆက်စပ် သတင်းများ

Most read