စက်တင်ဘာ ၅၊ ၂၀၂၆ | New Day Myanmar
ပြည်တွင်းကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အမျှ နေ့စဉ်အသုံးပြုနေတဲ့ အကြွေငွေတန်ဖိုးတွေလည်း ပြောင်းလဲလာပြီး အရင်က ၁၀၀ တန်၊ ၂၀၀ တန်တွေကို အကြွေအဖြစ် အသုံးများခဲ့ရာကနေ လက်ရှိမှာ ၅၀၀ တန်နဲ့ ၁,၀၀၀ တန်တွေကို အဓိကအသုံးပြုလာရပါတယ်။
မြို့ပေါ်ရပ်ကွက်တွေနဲ့ နယ်ဒေသတွေက ကုန်စုံဆိုင်၊ လမ်းဘေးဈေးဆိုင်တွေမှာ အရင်က ငွေကျပ် ၁၀၀၊ ၂၀၀ လောက်နဲ့ ဝယ်ယူနိုင်တဲ့ မုန့်နဲ့ အသေးသုံးပစ္စည်းတွေဟာ အခုဆိုရင် အနည်းဆုံး ကျပ် ၅၀၀ ဝန်းကျင်ကနေ ဈေးသတ်မှတ်ရောင်းချလာကြပါတယ်။
ဒါကြောင့် ၅၀ တန်၊ ၁၀၀ တန် ငွေစက္ကူတွေကို ဈေးဝယ်ရာမှာ အသုံးပြုမှုနည်းလာပြီး ၅၀၀ တန်နဲ့ ၁,၀၀၀ တန်တွေကို အသေးသုံးငွေနဲ့ အမ်းငွေအဖြစ် ပိုမိုအသုံးပြုလာကြတာ ဖြစ်ပါတယ်။
“ဈေးတွေတက်လာတာနဲ့အမျှ အကြွေဆိုရင် ၅၀၀ တန်က အနည်းဆုံးဖြစ်လာတယ်။ အရင်က ကားခ ၂၀၀ ကျပ်၊ အခု ၄၀၀ ကျပ်။ အကြွေမရှိလို့ ၅၀၀ တန်ပေးခဲ့ရပြီး ပြန်အမ်းငွေ ၁၀၀ ရဖို့စောင့်တာ ကိုယ်ဆင်းမယ့်မှတ်တိုင်သာ ရောက်သွားတယ်၊ ၁၀၀ ကျပ်ပြန်မရတော့ဘူး။ ၁၀၀ တန်ကိုင်လာတဲ့သူကလည်း မရှိသလောက်ပဲ။ ရပ်ကွက်ထဲက မီနီမတ်တွေမှာ အကြွေစွန်းမရှိလို့ သကြားလုံး၊ တစ်ရှူးပေးတာမျိုးတွေလည်း ရှိလာတယ်” လို့ ရန်ကုန်မြို့ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ကုန်ဈေးနှုန်းမြင့်တက်လာတာကြောင့် ငွေစက္ကူတစ်ရွက်ချင်းစီရဲ့ ဝယ်ယူနိုင်စွမ်းလည်း လျော့ကျလာပါတယ်။ အရင်က ငွေကျပ် ၁၀,၀၀၀ နဲ့ တစ်နေ့တာစားသောက်စရိတ်ကို အတော်အသင့် ဖြေရှင်းနိုင်ခဲ့ပေမယ့် လက်ရှိမှာ ပစ္စည်းအနည်းငယ်ဝယ်ရုံနဲ့ ငွေကုန်သွားတတ်တယ်လို့ ဈေးဝယ်သူတွေက ဆိုပါတယ်။
“ကုန်ဈေးနှုန်းတွေကသာ တက်နေတာ၊ လစာတွေက တိုးမလာဘူး။ အခု Follow Me ခေါင်းလျှော်ရည်တစ်ထုပ်ကို ကျပ် ၁,၀၀၀ ဖြစ်နေပြီ။ ဈေးအနိမ့်ဆုံး ခေါင်းလျှော်ရည်တစ်ထုပ်တောင် ကျပ် ၅၀၀ ရှိတယ်။ အကုန်လုံးဈေးတက်နေတာ။ နောက်ဆို ဒီထက်ပိုဆိုးလာနိုင်တယ်” လို့ လခစားဝန်ထမ်းတစ်ဦးက ပြောပါတယ်။
New Day Myanmar က မေးမြန်းခဲ့တဲ့ ဆိုင်ရှင်တချို့ကတော့ ဈေးနှုန်းတွေကို တမင်မြှင့်တင်ရောင်းချတာမဟုတ်ဘဲ ကုန်ကြမ်းဈေး၊ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ တခြားလုပ်ငန်းကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် ပစ္စည်းအများစုကို အနည်းဆုံး ကျပ် ၅၀၀ ဝန်းကျင်ကနေ စတင်သတ်မှတ်ရောင်းချနေရတာလို့ ဆိုပါတယ်။
လက်ရှိမှာ ယာဉ်စီးခကအစ စားသောက်ဆိုင်တွေအထိ KPay၊ WavePay စတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်တွေ အသုံးများလာပေမယ့် အခြေခံလူတန်းစားတွေအနေနဲ့ နေ့စဉ်ဈေးဝယ်စားသောက်ရာမှာ ငွေသားကို အဓိကအသုံးပြုနေရဆဲ ဖြစ်ပါတယ်။
ဒါကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့အတူ တန်ဖိုးနည်းငွေစက္ကူတွေ အသုံးဝင်မှုလျော့ကျလာတာအပြင် အကြွေငွေရှားပါးမှုကလည်း ဈေးဝယ်သူတွေအတွက် နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခု ဖြစ်လာပါတယ်။

