စက်တင်ဘာ ၂၊ ၂၀၂၆ | New Day Myanmar
ကမ္ဘာ့ဘဏ် (World Bank) က ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲညွှန်ကြားရေးမှူးသစ်အဖြစ် စတီဖင် အန် အန်ဒက်ဂွာ (Stephen N. Ndegwa) ကို ခန့်အပ်လိုက်ပြီး မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်လွယ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ဆက်လက်ကူညီသွားမယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ပါတယ်။
စတီဖင် အန်ဒက်ဂွာရဲ့ ခန့်အပ်မှုဟာ စက်တင်ဘာ ၁ ရက်က စတင်အသက်ဝင်ပြီး ဘန်ကောက်မြို့မှာ အခြေစိုက်ကာ ထိုင်းနဲ့ မြန်မာနိုင်ငံအတွင်း ကမ္ဘာ့ဘဏ်ရဲ့ လုပ်ငန်းအစီအစဉ်တွေကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခ၊ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေကြား လူသားအရင်းအနှီး ထိန်းသိမ်းရေး၊ လူမှုအသိုင်းအဝိုင်းတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေး ကာကွယ်ပေးရေးတို့ကို အဓိကထား ဆောင်ရွက်မယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းတွေကို ၂၀၂၆ ကနေ ၂၀၃၀ ခုနှစ်အတွင်း ပဋိပက္ခနဲ့ အကြမ်းဖက်မှုဒဏ်ခံနေရတဲ့ ဒေသတွေအတွက် သတ်မှတ်ထားတဲ့ မဟာဗျူဟာနဲ့အညီ “စောင့်ကြည့်၊ အကဲဖြတ်၊ ကူညီ” (monitor, assess and assist) နည်းလမ်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေကို နားလည်နိုင်ဖို့ သုတေသနနဲ့ သုံးသပ်ချက်တွေ ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ပြီး ထိခိုက်လွယ်တဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် အကူအညီအစီအစဉ်တွေကို တတိယအဖွဲ့အစည်း မိတ်ဖက်တွေကတဆင့် တိုးချဲ့ဆောင်ရွက်မယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
အဲဒီအစီအစဉ်တွေက ပဋိပက္ခ၊ စီးပွားရေးအခက်အခဲ၊ သဘာဝဘေးအန္တရာယ်နဲ့ တခြားထိခိုက်မှုတွေကို ဒေသခံအသိုင်းအဝိုင်းတွေ ပိုမိုခံနိုင်ရည်ရှိစေဖို့နဲ့ အနာဂတ် ပြန်လည်ထူထောင်ရေးအတွက် အခြေခံတည်ဆောက်ပေးဖို့ ရည်ရွယ်ထားပါတယ်။
ထိုင်းနိုင်ငံဘက်မှာတော့ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း တိုးတက်စေပြီး ၂၀၃၇ ခုနှစ်အရောက် ဝင်ငွေမြင့်နိုင်ငံအဆင့် ရောက်ရှိရေး ရည်မှန်းချက်ကို ကူညီသွားမှာ ဖြစ်ပါတယ်။ အခြေခံအဆောက်အအုံ၊ ကာဗွန်ဈေးကွက်၊ ရေလုံခြုံရေးနဲ့ ရေကြီးမှုအန္တရာယ် စီမံခန့်ခွဲရေးတွေမှာလည်း ကမ္ဘာ့ဘဏ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေပါတယ်။
စတီဖင် အန်ဒက်ဂွာဟာ အရင်က ကမ္ဘာ့ဘဏ်ရဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေ ဆိုင်ရာ ဌာနခွဲညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ဒေသတွင်း စီမံကိန်း ၈၀ ကျော်ကို ကြီးကြပ်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၂ ခုနှစ်က ကမ္ဘာ့ဘဏ်ကို စတင်ဝင်ရောက်ခဲ့ပြီး အာဖရိက၊ အရှေ့အာရှနဲ့ ပစိဖိတ်၊ ဥရောပနဲ့ အာရှအလယ်ပိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှဒေသတွေမှာ တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။
#မြန်မာ #ကမ္ဘာ့ဘဏ် #WorldBank #ထိုင်း #ပဋိပက္ခ #လူမှုကူညီရေး #NewDayMyanmar

