ဩဂုတ် ၂၃၊ ၂၀၂၆ | New Day Myanmar
အီရန်စစ်ပွဲ စတင်ခဲ့တာ ခြောက်လပြည့်လာပြီး ဟော်မုဇ်ရေလက်ကြား ပိတ်ထားမှုကြောင့် ရေနံဈေးနဲ့ ငွေကြေးဖောင်းပွမှု ဖိအားတွေ မြင့်တက်နေချိန် အမေရိကန် Federal Reserve ရဲ့ Jackson Hole အစည်းအဝေး၊ Nvidia ရဲ့ ဘဏ္ဍာရေးရလဒ်နဲ့ နိုင်ငံအများအပြားရဲ့ ငွေကြေးဖောင်းပွမှုအချက်အလက်တွေက လာမယ့်သီတင်းပတ် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်တွေအတွက် အဓိကစောင့်ကြည့်ရမယ့် အချက်တွေဖြစ်လာမယ်လို့ Reuters က သုံးသပ်ပါတယ်။
အမေရိကန်ရေရှည်အစိုးရငွေချေးစာချုပ်တွေ အရောင်းအဝယ်ဖိအားကြောင့် bond yields မြင့်တက်ပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကတောင် ဈေးကွက်အတွင်း ဝင်ရောက်ဆောင်ရွက်ခဲ့ရချိန်မှာ ကမ္ဘာ့ဗဟိုဘဏ်အကြီးအကဲတွေဟာ လာမယ့် ကြာသပတေးနေ့ကစပြီး Wyoming ပြည်နယ် Jackson Hole မှာ စုဝေးကြမှာ ဖြစ်ပါတယ်။
အဓိကအာရုံစိုက်ခံရမယ့်သူက Fed ဥက္ကဋ္ဌ Kevin Warsh ဖြစ်ပါတယ်။ Warsh ဟာ Fed ဥက္ကဋ္ဌတာဝန်ယူပြီး အစောပိုင်းကာလမှာ အမေရိကန်စီးပွားရေးရဲ့ ရေရှည်ဖွဲ့စည်းပုံဆိုင်ရာပြဿနာတွေနဲ့ Fed ပြုပြင်ပြောင်းလဲရေးကို အဓိကပြောလာခဲ့ပေမယ့် လက်ရှိမှာတော့ ရင်းနှီးမြှုပ်နှံသူတွေက အတိုးနှုန်း ဘယ်ဘက်ဆက်သွားမလဲ ဆိုတာ ရှင်းလင်းတဲ့ အချက်ပြမှုလိုချင်နေကြပါတယ်။
ကမ္ဘာ့ဈေးကွက်အတွက် နောက်ထပ်အကြီးမားဆုံး စိုးရိမ်စရာက စွမ်းအင်ဈေးကနေ ဖြစ်လာတဲ့ ငွေကြေးဖောင်းပွမှု ဖြစ်ပါတယ်။ ဟော်မုဇ်ရေလက်ကြား အချိန်ကြာပိတ်ထားတာနဲ့ ရေနံစိမ်းဈေး ဆက်မြင့်နေတာကြောင့် Brent ရေနံဟာ ရှစ်ပတ်အတွင်း ခြောက်ပတ်မြောက် ဈေးတက်ဖို့ရှိနေပါတယ်။
ရေနံစိမ်းထက် ရေနံချက်ပြီးထွက်တဲ့ လောင်စာဈေးတွေက ပိုစိုးရိမ်စရာ ဖြစ်လာပါတယ်။ အီရန်စစ်ပွဲ စတင်ခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ဥရောပ ဒီဇယ်ဈေး ၇၀ ရာခိုင်နှုန်းကျော်၊ အမေရိကန် ဓာတ်ဆီဈေး ၆၀ ရာခိုင်နှုန်းခန့် မြင့်တက်လာပါတယ်။ အရှေ့အလယ်ပိုင်း၊ ရုရှားနဲ့ အရှေ့အာရှဒေသတွေမှာ ရေနံချက်လုပ်မှု လျော့ကျနေတာကြောင့် စွမ်းအင်ဈေးကြောင့် ဖြစ်လာတဲ့ ငွေကြေးဖောင်းပွမှုဟာ အလွယ်တကူ ပြန်ကျနိုင်မယ့်ပုံ မရှိသေးဘူးလို့ Reuters က ဆိုပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ရဲ့ Core PCE ငွေကြေးဖောင်းပွမှုအချက်အလက် ထွက်ရှိမှာဖြစ်ပြီး Fed ရဲ့ ၂ ရာခိုင်နှုန်း ရည်မှန်းချက်ထက် ၆၅ လဆက်တိုက် မြင့်နေမယ်လို့ ခန့်မှန်းထားပါတယ်။ ဩစတြေးလျကလည်း ဗုဒ္ဓဟူးနေ့မှာ ငွေကြေးဖောင်းပွမှုအချက်အလက် ထုတ်ပြန်မှာဖြစ်ပြီး ပြင်သစ်၊ စပိန်နဲ့ တိုကျိုကတော့ သောကြာနေ့မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။
နည်းပညာရှယ်ယာဈေးကွက်ဘက်မှာတော့ Nvidia က ဗုဒ္ဓဟူးနေ့မှာ ဒုတိယသုံးလပတ် ဘဏ္ဍာရေးရလဒ် ထုတ်ပြန်မှာဖြစ်လို့ AI လုပ်ငန်းအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထပ်မံစမ်းသပ်မယ့် အရေးကြီးဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ Nvidia ရဲ့ chip တွေဟာ AI ဖွံ့ဖြိုးရေးမှာ အဓိကကျတာကြောင့် ကုမ္ပဏီရဲ့ ရလဒ်ကို AI အသုံးစရိတ်နဲ့ နည်းပညာရှယ်ယာဈေးကွက်ရဲ့ အခြေအနေတိုင်းတာတဲ့ အညွှန်းတစ်ခုလို ဈေးကွက်က သဘောထားပါတယ်။
မကြာသေးခင်က bond yields မြင့်တက်မှုနဲ့အတူ နည်းပညာရှယ်ယာတွေ အရောင်းဖိအား ကြုံထားရတာကြောင့် Amazon၊ Microsoft လို cloud လုပ်ငန်းကြီးတွေရဲ့ AI အသုံးစရိတ် ဆက်တိုး၊ မတိုးနဲ့ Nvidia ရဲ့ ဝယ်လိုအား အားကောင်း၊ မကောင်းကို ရင်းနှီးမြှုပ်နှံသူတွေ အထူးစောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။
အာရှမှာတော့ တောင်ကိုရီးယားဗဟိုဘဏ် က ကြာသပတေးနေ့ အစည်းအဝေးကျင်းပမှာ ဖြစ်ပါတယ်။ ဇူလိုင်လမှာ သုံးနှစ်ခွဲအတွင်း ပထမဆုံးအကြိမ် အတိုးနှုန်းမြှင့်ခဲ့ပြီးနောက် နောက်ထပ်မြှင့်မလားဆိုတာ ဈေးကွက်က စောင့်ကြည့်နေပါတယ်။ တောင်ကိုရီးယားငွေကြေးဖောင်းပွမှုက ဇူလိုင်မှာ ၂ ဒသမ ၈ ရာခိုင်နှုန်းအထိ လျော့လာပေမယ့် သတ်မှတ်ရည်မှန်းချက်ထက် မြင့်နေဆဲဖြစ်ပြီး AI chip ဝယ်လိုအားကလည်း စီးပွားရေးကို ထောက်ပံ့နေပါတယ်။
ထိုင်းဗဟိုဘဏ် ကလည်း ဗုဒ္ဓဟူးနေ့မှာ အတိုးနှုန်းဆုံးဖြတ်မယ့် အစည်းအဝေး ကျင်းပမှာဖြစ်ပေမယ့် ထိုင်းမှာ ငွေကြေးဖောင်းပွမှုဖိအား နည်းနေတဲ့အတွက် ဒီနှစ်အတွင်း အတိုးနှုန်း ထပ်ပြောင်းဖို့ ဈေးကွက်က မျှော်လင့်ထားတာ နည်းပါတယ်။
တစ်ဖက်မှာလည်း အိုက်စလန်နိုင်ငံက ဩဂုတ် ၂၉ ရက်မှာ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုတွေ ပြန်စတင်မလား ဆိုတာ ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီမဲပေးမှုဟာ EU ထဲ ချက်ချင်းဝင်၊ မဝင်ကို ဆုံးဖြတ်တာ မဟုတ်ဘဲ ၂၀၁၃ ခုနှစ်ကတည်းက ရပ်ထားတဲ့ EU ဝင်ခွင့်ဆွေးနွေးပွဲတွေ ပြန်ဖွင့်မလားဆိုတာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ လက်ရှိလူထုစစ်တမ်းတွေမှာ ထောက်ခံသူနဲ့ ကန့်ကွက်သူ မတိမ်းမယိမ်း ဖြစ်နေပါတယ်။
ဒါကြောင့် လာမယ့်သီတင်းပတ်ဟာ အီရန်စစ်ပွဲကြောင့် ရေနံနဲ့ ငွေကြေးဖောင်းပွမှု ဖိအား၊ Fed အတိုးနှုန်းအလားအလာ၊ AI ရင်းနှီးမြှုပ်နှံမှုနဲ့ အာရှဗဟိုဘဏ်ဆုံးဖြတ်ချက်တွေ တပြိုင်နက်ဆုံလာမယ့် သီတင်းပတ် ဖြစ်ပြီး ကမ္ဘာ့ရှယ်ယာ၊ bond၊ ငွေကြေးနဲ့ ရေနံဈေးကွက်တွေမှာ အတက်အကျ ပြင်းထန်လာနိုင်ပါတယ်။

