ဩဂုတ် ၂၀၊ ၂၀၂၆ | New Day Myanmar
ဘန်ကောက်မြို့ ဒင်ဒဲင်အိမ်ရာမှာ နိုင်ငံခြားသားတွေကို Pink Card (ပန်းရောင်ကတ်) မမှန်မကန် ထုတ်ပေးခဲ့တယ်ဆိုတဲ့ အမှု စုံစမ်းရာကနေ အချက်အလက်မသမာမှု အများအပြားတွေ့ရှိခဲ့ပြီးနောက် ဘန်ကောက်မြို့က ခရိုင် ၅၀ လုံးကို တိုးချဲ့စစ်ဆေးဖို့ အာဏာပိုင်တွေက ညွှန်ကြားလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒင်ဒဲင်ခရိုင်မှာ ၂၀၁၇ ကနေ ၂၀၂၆ ခုနှစ်အထိ လူဦးရေစာရင်းပြောင်းရွှေ့မှုတွေကို ပြန်စစ်ရာ သံသယရှိတဲ့ နိုင်ငံခြားသား ၃,၂၂၈ ဦး တွေ့ရှိခဲ့ပြီး နိုင်ငံခြားသားတွေကို လိပ်စာတစ်ခုတည်းမှာ အစုလိုက်အပြုံလိုက် စာရင်းသွင်းထားတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးက ခရိုင် ၅၀ လုံးကို အလားတူမမှန်မကန် ပြောင်းရွှေ့စာရင်းတွေ ရှိ၊ မရှိ စစ်ဆေးပြီး စက်တင်ဘာ ၁ ရက်ထက် နောက်မကျဘဲ အစီရင်ခံဖို့ ညွှန်ကြားထားပါတယ်။
ဒီအမှုဟာ ဒင်ဒဲင်အိမ်ရာက အခန်းပေါင်း ၅,၇၀၀ ကျော်ကို စစ်ဆေးရာက စတင်ခဲ့တာဖြစ်ပြီး အခန်း ၄၄ ခန်းမှာ လူ ၁,၃၀၀ ကျော်ကို နေထိုင်သူအဖြစ် စာရင်းသွင်းထားတာ တွေ့ရှိခဲ့ပါတယ်။ အခန်းတချို့ဟာ အရွယ်အစားသေးငယ်ပေမယ့် လူ ၁၆ ဦးထက်ပိုပြီး စာရင်းသွင်းထားသလို အခန်းတချို့မှာ လူ ၆၀ ကနေ ၈၀ ဝန်းကျင်အထိ ရှိနေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
အာဏာပိုင်တွေက ဒီကိစ္စကို နိုင်ငံခြားသားတွေကို အမှန်တကယ် မနေထိုင်တဲ့ လိပ်စာတွေထဲ အမည်ထည့်သွင်းပြီး နောက်ပိုင်း ပန်းရောင်ကတ်ရရှိအောင် လုပ်ပေးတဲ့ ကွန်ရက်တစ်ခု ဖြစ်နိုင်တယ်လို့ စုံစမ်းနေပါတယ်။
ဩဂုတ် ၁၈ ရက် စစ်ဆင်ရေးအတွင်း လူ ၇ ဦး ဖမ်းဆီးခံထားရပြီး အစိုးရဝန်ထမ်း ၃ ဦးလည်း ပါဝင်ပါတယ်။ ဒင်ဒဲင်ခရိုင်ရုံးက ဝန်ထမ်းတွေဟာ နိုင်ငံခြားသားအမည်တွေကို အစိုးရမှတ်ပုံတင်ဒေတာဘေ့စ်ထဲ မမှန်မကန် ထည့်သွင်းပေးရာမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။
နောက်ဆုံးစုံစမ်းမှုမှာ အမျိုးသမီးပွဲစားတစ်ဦးက ဒင်ဒဲင်ခရိုင်ရုံး အရာရှိတွေဆီ ငွေလွှဲထားတဲ့ သက်သေတွေ တွေ့ရှိထားပြီး လွှဲပြောင်းငွေစုစုပေါင်း ဘတ်တစ်သန်းနီးပါး ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီငွေဟာ နိုင်ငံခြားသားတွေကို မမှန်မကန် စာရင်းသွင်းပေးဖို့ လာဘ်ပေးငွေ ဟုတ်၊ မဟုတ်ကို ဆက်လက်စစ်ဆေးနေပါတယ်။
အာဏာပိုင်တွေက ပန်းရောင်ကတ်ကွန်ရက်ထဲမှာ နိုင်ငံခြားသားတွေဆီက စာရွက်စာတမ်းနဲ့ ငွေစုဆောင်းတဲ့ ပွဲစားတွေ၊ လိပ်စာပေးတဲ့ အိမ်ထောင်ဦးစီးတွေ၊ ပြီးတော့ မှတ်ပုံတင်စနစ်ထဲ အချက်အလက် ထည့်သွင်းပေးနိုင်တဲ့ အစိုးရဝန်ထမ်းတွေ အဆင့်ဆင့်ပါဝင်နိုင်တယ်လို့ ယူဆထားပါတယ်။
အရင်စစ်ဆေးမှုတွေမှာ အဲဒီကတ်ရရှိသူအများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့လည်း ထိုင်းဘက်က ဖော်ပြထားပါတယ်။ ဒါပေမယ့် စာရင်းထဲပါသူအားလုံး မမှန်မကန် ပန်းရောင်ကတ်ရထားတယ်လို့ အတည်ပြုထားတာ မဟုတ်သေးဘဲ တစ်ဦးချင်းစီရဲ့ နေထိုင်မှုနဲ့ မှတ်ပုံတင်အထောက်အထားတွေကို ပြန်လည်စစ်ဆေးနေပါတယ်။
ဒင်ဒဲင်မှာ တွေ့ရှိခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနဘက်က ဘန်ကောက်ခရိုင် ၅၀ အပြင် နိုင်ငံတဝန်းမှာပါ အလားတူမမှန်မကန် နိုင်ငံခြားသားမှတ်ပုံတင်မှုတွေ ရှိ၊ မရှိ ဆက်လက်တိုးချဲ့စစ်ဆေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

