Homeပြည်တွင်းသတင်းရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောကြောင့် အသက် ၉၂ နှစ်အရွယ်တစ်ဦး သေဆုံး၊ ပြင်းထန်လူနာ ၅၄ ဦးရှိ

ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောကြောင့် အသက် ၉၂ နှစ်အရွယ်တစ်ဦး သေဆုံး၊ ပြင်းထန်လူနာ ၅၄ ဦးရှိ

ဩဂုတ် ၁၃၊ ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်းမှာ ဖြစ်ပွားနေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အသက် ၉၂ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ဩဂုတ် ၁၃ ရက်အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိထားသူ ၅၄ ဦးရှိတယ်လို့ စစ်အုပ်စု ရန်ကုန်တိုင်းအစိုးရအဖွဲ့ကသိရပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ဩဂုတ် ၉ ရက်က ၁၀ ရက်အထိ ဝမ်းပျက်ဝမ်းလျှောလူနာ ၂၈ ဦး ရောက်ရှိခဲ့ပြီး ဩဂုတ် ၁၁ ရက်မှာ လူနာသစ် ၇၀ ဦး ထပ်မံရောက်ရှိခဲ့တာကြောင့် အဲဒီနေ့အထိ လူနာ ၉၈ ဦးရှိခဲ့ပါတယ်။ အဲဒီထဲက လူနာ ၈ ဦး သက်သာလာတာကြောင့် ဆေးရုံဆင်းခွင့်ရခဲ့ပြီး အသက် ၉၂ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဩဂုတ် ၁၂ ရက်မှာတော့ လူနာသစ် ၈၄ ဦး ထပ်မံရောက်ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ အချက်အလက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဩဂုတ် ၉ ရက်က ၁၂ ရက်အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ဝမ်းပျက်ဝမ်းလျှောလက္ခဏာနဲ့ ရောက်ရှိလာသူ စုစုပေါင်း ၁၈၂ ဦးရှိခဲ့တာ ဖြစ်ပြီး ဩဂုတ် ၁၃ ရက်အထိ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိသူ ၅၄ ဦးရှိတယ်လို့ တိုင်းအစိုးရအဖွဲ့က ဆိုပါတယ်။

တစ်ဖက်မှာ ဩဂုတ် ၁၂ ရက် ညနေ ၆ နာရီခွဲဝန်းကျင်က ရရှိတဲ့ သီးခြားအချက်အလက်မှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ဆေးကုသနေရသူ ၁၇၀ ဦးရှိပြီး အဲဒီထဲက ၉၃ ဦးမှာ ကာလဝမ်းရောဂါပိုး တွေ့ရှိထားတယ်လို့ လသာမြို့နယ် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြသဲဖြူက ပြောထားပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေက ထုတ်ပြန်ထားတဲ့ လူနာနဲ့ ရောဂါပိုးတွေ့ရှိသူ ကိန်းဂဏန်းတွေကြား ကွာဟမှုရှိနေပါတယ်။

ရောဂါဖြစ်ပွားမှုတွေ တွေ့ရှိထားတဲ့ လမ်းမတော်၊ လသာ၊ ပန်းပဲတန်းနဲ့ ကျောက်တံတားမြို့နယ်တွေမှာ ရန်ကုန်တိုင်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီရဲ့ ဦးဆောင်မှုနဲ့ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အစားအသောက်နဲ့ ရေအရင်းအမြစ်တွေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ လက်လုပ်ချဉ်၊ အသုပ်စုံ၊ ဒုတ်ထိုးနဲ့ အလားတူ လမ်းဘေးအစားအစာတွေ ရောင်းချတာကို ယာယီကန့်သတ်ထားတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ဆီက သိရပါတယ်။ လသာမြို့နယ်မှာတော့ အလားတူအစားအစာဆိုင်တွေကို နှစ်ရက်က သုံးရက်ခန့် ရောင်းချတာရပ်ထားဖို့ တာဝန်ရှိသူတွေက ပြောထားတယ်လို့ သီးခြားသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူတွေရှိတဲ့ နေအိမ်နဲ့ အနီးဝန်းကျင်တွေမှာ ပိုးသတ်သန့်ရှင်းရေးလုပ်တာ၊ ရေပိုက်လိုင်းတွေရဲ့ သန့်ရှင်းမှု စစ်ဆေးတာနဲ့ ရေအရည်အသွေးထိန်းသိမ်းရေးလုပ်ငန်းတွေကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပြင် ပုဂ္ဂလိကဆေးရုံတချို့မှာလည်း ဝမ်းပျက်ဝမ်းလျှောလူနာတွေ ဆေးကုသမှုခံယူနေကြပြီး လမ်းမတော်၊ လသာအပြင် စမ်းချောင်းနဲ့ သာကေတအပါအဝင် မြို့နယ်တချို့မှာပါ ရောဂါဖြစ်ပွားမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတွေက ရေကို ကျိုချက်သောက်တာ၊ အစားအစာကို ကျက်အောင်ချက်ပြုတ်စားသောက်တာ၊ အစာမစားခင်နဲ့ အစားအစာပြင်ဆင်ခင် လက်ကို စနစ်တကျဆေးကြောတာတွေ လုပ်ကြဖို့နဲ့ အရည်ဝမ်းအကြိမ်ကြိမ်သွားတာ၊ အော့အန်တာ၊ ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာတွေရှိလာရင် နီးစပ်ရာ ကျန်းမာရေးဌာန ဒါမှမဟုတ် ဆေးရုံကို အမြန်ဆုံးသွားရောက်ကုသမှုခံယူဖို့ သတိပေးထားပါတယ်။

Related News

Most Read