Homeပြည်တွင်းသတင်းမြန်မာ့ရွှေဈေး ကျပ်သိန်း ၁၀၀ ကျော် ဆက်ရှိ

မြန်မာ့ရွှေဈေး ကျပ်သိန်း ၁၀၀ ကျော် ဆက်ရှိ

ဩဂုတ် ၁၂၊ ၂၀၂၆ | New Day Myanmar

မြန်မာ့ရွှေဈေးဟာ ဒီနေ့ ဩဂုတ် ၁၂ ရက်မှာ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ပြင်ပပေါက်ဈေး ကျပ် ၁၀,၀၉၀,၀၀၀ (ကျပ် ၁၀၀ သိန်း ၉ သောင်း) အထိ ရှိနေပြီး ကျပ်သိန်း ၁၀၀ အထက်မှာ ဆက်ရှိနေတယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းဆီက သိရပါတယ်။

မနေ့က ဩဂုတ် ၁၁ ရက်မှာ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ပြင်ပပေါက်ဈေး ကျပ်သိန်း ၁၀၀ ကျော်အထိ ပြန်တက်လာခဲ့တာဖြစ်ပြီး ဒီနေ့မှာလည်း ကျပ်သိန်း ၁၀၀ အထက်မှာ ဆက်လက်ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်မှာ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ပြင်ပပေါက်ဈေး ကျပ် ၉၆ သိန်းကျော်သာ ရှိခဲ့တာကြောင့် တစ်ပတ်ကျော်အတွင်း တစ်ကျပ်သားကို ကျပ် ၄ သိန်းကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေး မြင့်တက်နေချိန်မှာ ကမ္ဘာ့ရွှေဈေးကလည်း ဒီနေ့ ဩဂုတ် ၁၂ ရက် အာရှဈေးကွက်အတွင်း ပြန်လည်မြင့်တက်နေပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၄,၄၀၅ ဝန်းကျင် အထိ ရောက်ရှိနေတာဖြစ်ပါတယ်။

အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုဆိုင်ရာ အချက်အလက်တွေ ထွက်ပေါ်လာဖို့ရှိနေချိန်မှာ အရှေ့အလယ်ပိုင်း ပထဝီနိုင်ငံရေးတင်းမာမှုတွေ ပြန်မြင့်တက်လာတာကြောင့် ဘေးကင်းတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ရွှေဝယ်လိုအား မြင့်လာပြီး ကမ္ဘာ့ရွှေဈေးကို အထောက်အပံ့ဖြစ်စေတယ်လို့ ဈေးကွက်လေ့လာသူတွေက သုံးသပ်ထားပါတယ်။

မြန်မာပြည်တွင်းရွှေဈေးကတော့ ကမ္ဘာ့ရွှေဈေး အတက်အကျအပြင် ပြင်ပငွေလဲနှုန်း၊ ပြည်တွင်း ဝယ်လိုအားနဲ့ ရောင်းလိုအားအခြေအနေတွေကြောင့်လည်း အပြောင်းအလဲ ဖြစ်ပေါ်နိုင်တာကြောင့် ဈေးကွက်အတွင်း ဆက်လက်စောင့်ကြည့်နေကြပါတယ်။

Related News

Most Read