၃ ဩဂုတ် ၂၀၂၆ | New Day Myanmar
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ် တွေ့ဆုံခဲ့တဲ့ သတင်းဟာ မျှော်လင့်ချက်ကို ယူဆောင်လာတယ်လို့ သားဖြစ်သူ ကိုထိန်လင်းက လူမှုကွန်ရက်ကနေ တုံ့ပြန်ပြောဆိုပါတယ်။
ICRC က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းကို ကြိုဆိုပြီး ဒီတွေ့ဆုံမှုဟာ ငါးနှစ်ကျော်အတွင်း မိခင်ဖြစ်သူနဲ့ ပတ်သက်တဲ့ ပထမဆုံး အပြုသဘောဆောင်တဲ့ တိုးတက်မှုဖြစ်တယ်လို့ ကိုထိန်လင်းက ဆိုပါတယ်။
“ဒီနေ့ဟာ မျှော်လင့်ချက်ကို ယူဆောင်လာပါတယ်” လို့ သူက ရေးသားထားပြီး မိသားစုနဲ့အတူ ရပ်တည်ပေးခဲ့သူတွေ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကျန်းမာနေကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။
လူထုရဲ့ အသံထွက်ပြောဆိုမှုတွေ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကြိုးပမ်းဖိအားပေးမှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုအောက်မှာ ဆက်လက်ရှိနေနိုင်ခဲ့တယ်လို့လည်း ကိုထိန်လင်းက ဆိုပါတယ်။
အခုတွေ့ဆုံမှုဟာ အရေးပါတဲ့ ပထမခြေလှမ်းဖြစ်ပေမယ့် နောက်ဆုံးခြေလှမ်း မဖြစ်သင့်ဘူးလို့ သူက ပြောပါတယ်။
ဒီတွေ့ဆုံမှုကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်ဆက်သွယ်စကားပြောခွင့်၊ မိသားစုနဲ့ တွေ့ဆုံခွင့်၊ ကျန်းမာရေးအခြေအနေကို လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ နည်းလမ်းနဲ့ အတည်ပြုနိုင်တဲ့ သတင်းအချက်အလက်ရရှိရေးတို့အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ တိုးတက်မှုတွေ ဆက်လက်ဖြစ်ပေါ်လာဖို့ မျှော်လင့်တယ်လို့ ကိုထိန်လင်းက ရေးသားထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
ICRC ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဩဂုတ် ၃ ရက်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး ICRC ရဲ့ အကျဉ်းသားတွေ့ဆုံရေး စံနှုန်းနဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း တခြားသူမပါဘဲ သီးသန့်စကားပြောခွင့် ရရှိခဲ့တယ်လို့ တရားဝင်အတည်ပြုထားပါတယ်။
တွေ့ဆုံမှုအတွင်း လေ့လာတွေ့ရှိချက်နဲ့ အကြံပြုချက်တွေကို ထိန်းသိမ်းထားတဲ့ အာဏာပိုင်တွေဆီသာ လျှို့ဝှက်ပေးပို့သွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ထိန်းသိမ်းထားတဲ့ အခြေအနေအသေးစိတ်ကိုတော့ ICRC က အများပြည်သူထံ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
စစ်အုပ်စုဘက်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Arnaud de Baecque တို့ လက်ဆွဲနှုတ်ဆက်နေတာနဲ့ အခန်းတစ်ခုအတွင်း တွေ့ဆုံနေတာကို တွေ့ရပါတယ်။ ဒီတွေ့ဆုံမှုဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခြားအဖွဲ့အစည်းကိုယ်စားလှယ်တစ်ဦး တွေ့ဆုံခဲ့ကြောင်း ပထမဆုံး လူသိရှင်ကြား အတည်ပြုနိုင်တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။


