Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံခွင့်ရခဲ့တယ်လို့ ICRC ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံခွင့်ရခဲ့တယ်လို့ ICRC ထုတ်ပြန်

၃ ဩဂုတ် ၂၀၂၆ | New Day Myanmar

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်တစ်ဦးက ဒီနေ့ ဩဂုတ် ၃ ရက်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး သီးသန့်စကားပြောခွင့်လည်း ရရှိခဲ့တယ်လို့ ICRC က တရားဝင်ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံမှုကို လွတ်လပ်ခွင့်ဆုံးရှုံးနေသူတွေထံ သွားရောက်တွေ့ဆုံရာမှာ ကျင့်သုံးတဲ့ ICRC ရဲ့ စံနှုန်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသူမပါဘဲ သီးသန့်စကားပြောနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ICRC ရဲ့ အကျဉ်းသားတွေ့ဆုံရေးလုပ်ငန်းစဉ်အရ လွတ်လပ်ခွင့်ဆုံးရှုံးနေသူတွေကို မိသားစုဝင်တွေနဲ့ သတင်းအချက်အလက် ဖလှယ်နိုင်မယ့် အခွင့်အရေးလည်း ပေးအပ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က မိသားစုဝင်တွေဆီ ဘယ်လိုသတင်းစကား ပေးပို့ခဲ့တယ်ဆိုတာကိုတော့ ICRC က အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။

တွေ့ဆုံမှုအတွင်း လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို ထိန်းသိမ်းထားတဲ့ အာဏာပိုင်တွေဆီသာ လျှို့ဝှက်ပေးပို့သွားမှာဖြစ်ပြီး အများပြည်သူကို ထုတ်ဖော်ပြောကြားမှာ မဟုတ်ဘူးလို့ ICRC က ပြောပါတယ်။

ICRC အနေနဲ့ မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်နဲ့ ထိန်းသိမ်းရေးနေရာတွေကို သွားရောက်ခွင့် ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ ပိုမိုတိုးချဲ့သွားနိုင်ဖို့ သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ဆွေးနွေးနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့သူဟာ ICRC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Arnaud de Baecque ဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာ တွေ့ဆုံခဲ့တာလို့ ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံမှုဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့နောက်ပိုင်း နိုင်ငံခြားအဖွဲ့အစည်းကိုယ်စားလှယ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ကြောင်း ပထမဆုံးအကြိမ် လူသိရှင်ကြား အတည်ပြုနိုင်ခဲ့တဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။

Related News

Most Read