Homeဆောင်းပါးအမေရိကန်က ဆုကြေးထုတ်ထားတဲ့ “ဝ” ရဲဲ့စီးပွားရေးဦးနှောက် ဝေရှောက်ခန်း

အမေရိကန်က ဆုကြေးထုတ်ထားတဲ့ “ဝ” ရဲဲ့စီးပွားရေးဦးနှောက် ဝေရှောက်ခန်း

၂၉ ဇူလိုင် ၂၀၂၆ | New Day Myanmar

အမေရိကန်အစိုးရက ဖမ်းဆီးနိုင်ရေး ဒေါ်လာ ၂ သန်းဆုကြေးထုတ်ထားပြီး ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ဆို့အရေးယူထားပေမဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိပ်ပိုင်းခေါင်းဆောင် ဝေရှောက်ခန်းဟာ မြန်မာနိုင်ငံအတွင်း ဩဇာအရှိဆုံး လက်နက်ကိုင်ခေါင်းဆောင်တွေထဲက တဦးအဖြစ် ဆက်ရှိနေတယ်လို့ Jamestown Foundation ရဲ့ လေ့လာချက်မှာ ဖော်ပြပါတယ်။

တရုတ်ဟန်လူမျိုး ဝေရှောက်ခန်းဟာ ၁၉၈၉ ခုနှစ်မှာ UWSA စတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ်အနီး UWSA ထိန်းချုပ်ထားတဲ့ တောင်ပိုင်း “ဝ” ဒေသကို နောက်ကွယ်ကနေ အဓိကထိန်းချုပ်နေသူဖြစ်တယ်လို့ အဲဒီလေ့လာချက်က ဆိုပါတယ်။

ဝေရှောက်ခန်းဟာ UWSA ရဲ့ စစ်ရေးခေါင်းဆောင်တဦးသာမက အဖွဲ့ရဲ့ စီးပွားရေးနဲ့ ငွေကြေးကွန်ရက်တွေကို တည်ဆောက်ပေးခဲ့တဲ့ အဓိကဗျူဟာမှူးတဦးလည်း ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးကရတဲ့ ငွေကြေးတွေကို ကုမ္ပဏီကြီးတွေ၊ အခြေခံအဆောက်အအုံစီမံကိန်းတွေနဲ့ တရားမဝင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကတဆင့် ငွေကြေးခဝါချခဲ့တယ်လို့ Jamestown Foundation က စွပ်စွဲထားပါတယ်။

အမေရိကန်အစိုးရက ဝေရှောက်ခန်းကို ၂၀၀၀ ပြည့်နှစ်မှာ အဓိကနိုင်ငံတကာမူးယစ်ဆေးဝါးကုန်ကူးသူအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ UWSA ကိုပါ မူးယစ်ဆေးဝါးကုန်ကူးရေးအဖွဲ့အဖြစ် အရေးယူခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာတော့ နယူးယောက်အရှေ့ပိုင်းခရိုင် ဖက်ဒရယ်တရားရုံးက ဝေရှောက်ခန်းအပါအဝင် UWSA ခေါင်းဆောင်တွေကို မူးယစ်ဆေးဝါးဆိုင်ရာ စွဲချက်တွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သူ့ကို ဖမ်းဆီးနိုင်မယ့် သတင်းအချက်အလက်ပေးသူကို ဒေါ်လာ ၂ သန်း ချီးမြှင့်မယ်လို့ ဆုကြေးထုတ်ထားပါတယ်။

၂၀၀၈ ခုနှစ်မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဝေရှောက်ခန်းနဲ့ UWSA တို့ရဲ့ ကွန်ရက်ထဲက လူပုဂ္ဂိုလ် ၂၆ ဦးနဲ့ ကုမ္ပဏီ ၁၇ ခုကို ထပ်မံပိတ်ဆို့အရေးယူခဲ့ပါတယ်။ အဲဒီအချိန်က UWSA ကို အရှေ့တောင်အာရှဒေသရဲ့ အင်အားအကြီးဆုံး မူးယစ်ဆေးဝါးကုန်ကူးရေးအဖွဲ့နဲ့ မက်သာဖက်တမင်း အဓိကထုတ်လုပ်တင်ပို့သူအဖြစ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ဖော်ပြခဲ့တာပါ။

ဒါပေမဲ့ ဝေရှောက်ခန်းဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တင်းကျပ်တဲ့အကာအကွယ်၊ လာဘ်ပေးလာဘ်ယူကွန်ရက်တွေနဲ့ နိုင်ငံရေးဆက်နွှယ်မှုတွေကို အသုံးချပြီး ဖမ်းဆီးမခံရအောင် ရှောင်ရှားနိုင်ခဲ့တယ်လို့ Jamestown Foundation က သုံးသပ်ပါတယ်။ တရုတ်ထောက်လှမ်းရေးအဖွဲ့တွေနဲ့ နက်ရှိုင်းတဲ့ဆက်နွှယ်မှုရှိနိုင်ကြောင်းလည်း အဲဒီလေ့လာချက်မှာ စွပ်စွဲထားပေမဲ့ တရုတ်အစိုးရနဲ့ UWSA ဘက်က လူသိရှင်ကြား တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဝေရှောက်ခန်းအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုနဲ့ ဆုကြေးထုတ်ပြန်မှုတွေ ဆယ်စုနှစ်နှစ်ခုကျော် ကြာမြင့်လာပေမဲ့ သူ့ရဲ့စီးပွားရေးနဲ့ စစ်ရေးဩဇာ ဆက်ရှိနေခြင်းဟာ မြန်မာနိုင်ငံက လက်နက်ကိုင်အင်အား၊ ရာဇဝတ်စီးပွားရေးနဲ့ ဒေသတွင်းနိုင်ငံရေးအကာအကွယ်တို့ ဘယ်လောက်အထိ ရောယှက်နေသလဲဆိုတာ ပြသနေတယ်လို့ Jamestown Foundation က သုံးသပ်ထားပါတယ်။

Related News

Most Read