၁၅ ဇွန် ၂၀၂၆ | New Day Myanmar
အမေရိကန်နဲ့ အီရန်တို့ကြား ယာယီငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့တာကြောင့် ရေနံဈေးနှုန်းတွေ ကျဆင်းလာပြီး အမေရိကန်ဗဟိုဘဏ် Fed က အတိုးနှုန်း ထပ်မံတိုးမြှင့်နိုင်ခြေ လျော့ကျလာတဲ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းတွေဟာ ဇွန်လ ၁၅ ရက်မှာ တစ်ပတ်နီးပါးအတွင်း အမြင့်ဆုံးအထိ မြင့်တက်လာခဲ့ပါတယ်။
ကမ္ဘာ့ရွှေဈေး ဟာ တစ်အောင်စကို ၂.၈ ရာခိုင်နှုန်း မြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၄,၃၃၆.၄၉ အထိ ရောက်ရှိခဲ့ကာ ဇွန်လ ၉ ရက်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်လာပါတယ်။
သြဂုတ်လအတွက် အမေရိကန်ရွှေကြိုပွိုင့်ဈေး Gold Futures ကလည်း ၂.၈ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်အောင်စကို ၄,၃၅၈ ဒေါ်လာအထိ ရောက်ရှိခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန် အရာရှိတွေက နှစ်နိုင်ငံကြား စစ်ပွဲအဆုံးသတ်ရေးနဲ့ ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအတွက် သဘောတူညီချက်တစ်ရပ် ရရှိထားတယ်လို့ ပြောကြားထားပါတယ်။
အဲဒီသဘောတူညီချက်ကြောင့် ရေနံဈေးနှုန်းတွေ ကျဆင်းခဲ့ပေမယ့် အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်တဲ့ ကိစ္စတွေကိုတော့ ဆက်လက်ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘတ်ဇ် ရှာရစ်ဖ်ကတော့ အဆိုပါသဘောတူညီချက်ကို လာမယ့် သောကြာနေ့ ဆွစ်ဇာလန်နိုင်ငံမှာ တရားဝင် လက်မှတ်ရေးထိုးသွားမယ်လို့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
UBS ဘဏ်မှ လေ့လာသုံးသပ်သူ Giovanni Staunovo က ရေနံဈေးကျလာတာကြောင့် ဈေးကွက်အနေနဲ့ Fed အတိုးနှုန်းတိုးနိုင်ခြေကို လျှော့တွက်လာပြီး အဲဒီအချက်က ရွှေဈေးကို အထောက်အပံ့ဖြစ်စေတယ်လို့ ပြောပါတယ်။
အမေရိကန်ဒေါ်လာတန်ဖိုးကလည်း ၁၀ ရက်အတွင်း အနိမ့်ဆုံးအထိ ကျဆင်းသွားခဲ့ပြီး ရွှေကို အခြားငွေကြေးကိုင်ဆောင်သူတွေအတွက် ပိုမိုဝယ်ယူလာစေတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ရေနံဈေးနှုန်းတွေက သုံးလကျော်အတွင်း အနိမ့်ဆုံးအထိ ကျဆင်းသွားခဲ့ပါတယ်။
ဖေဖော်ဝါရီလနှောင်းပိုင်းက အမေရိကန်-အစ္စရေးနဲ့ အီရန်အကြား ပဋိပက္ခစတင်ခဲ့ချိန်ကစပြီး ရေနံဈေးမြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွမှုအန္တရာယ် တိုးလာခဲ့ပြီး Fed က အတိုးနှုန်းမြင့်မြင့်ထားနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေကြောင့် ရွှေဈေးတွေ ကျခဲ့တာပါ။
CME FedWatch Tool ရဲ့ အချက်အလက်တွေအရ ဒီဇင်ဘာလမှာ Fed က အတိုးနှုန်းတိုးမယ့် ဖြစ်နိုင်ခြေဟာ ပြီးခဲ့တဲ့အပတ်က ၆၉ ရာခိုင်နှုန်းရှိခဲ့ရာကနေ အခု ၅၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေကတော့ ဒီတစ်ပတ်ကျင်းပမယ့် Fed ရဲ့ ငွေကြေးမူဝါဒအစည်းအဝေး ရလဒ်ကို စောင့်ကြည့်နေကြပါတယ်။
Barclays ဘဏ်ကတော့ ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်မားနေခြင်း၊ မူဝါဒမသေချာမှုတွေ ရှိနေခြင်းနဲ့ ဗဟိုဘဏ်တွေ ရွှေသိုလှောင်မှု တိုးလာနေခြင်းတို့ကြောင့် ရွှေဈေးအပေါ် အလယ်အလတ်ကာလအတွင်း အကောင်းမြင်ထားဆဲဖြစ်တယ်လို့ ပြောကြားထားပါတယ်။
အခြားတစ်ဖက်မှာလည်း စင်ကာပူနိုင်ငံက ရွှေအရောင်းအဝယ်ဗဟိုဌာနတစ်ခု ဖြစ်လာစေရေး ရည်ရွယ်ပြီး ရွှေရှင်းလင်းရေးစနစ် OTC Gold Clearing System နဲ့ ဗဟိုဘဏ်ရဲ့ ရွှေသိုလှောင်ရေးဝန်ဆောင်မှုတွေကို စတင်မိတ်ဆက်သွားမယ်လို့ စင်ကာပူ ဒုတိယဝန်ကြီးချုပ်က ပြောကြားထားပါတယ်။


