၈ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးအတွက် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ကန့်ကွက်ကြောင်း စစ်အုပ်စုထိန်းချုပ်ထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေပြီး အဲဒီအဆိုကို ဇူလိုင် ၉ ရက်မှာ အပြီးသတ်ဆုံးဖြတ်ရန် လျာထားတယ်လို့ သိရပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က ရှမ်းပြည်နယ်၊ ကလောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က “အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းချက်အဆို” ကို ဇွန်လ ၂၆ ရက်မှာ စတင်တင်သွင်းခဲ့တာပါ။
အဆိုမှာ အာဆီယံရဲ့ လက်ရှိဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသလို စစ်အုပ်စုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့လည်း ကိုက်ညီမှုမရှိတော့ဘူးဆိုပြီး ဖော်ပြထားပါတယ်။
ဇူလိုင် ၇ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အဲဒီအဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဆက်လက်ဆွေးနွေးခဲ့ကြပြီးနောက် လာမယ့် ဇူလိုင် ၉ ရက် အစည်းအဝေးမှာ အပြီးသတ်ဆုံးဖြတ်ရန် လျာထားကြောင်း လွှတ်တော်နာယကက ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာနန္ဒာလှမြင့် တင်သွင်းထားတဲ့ အဆိုအရ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဟာ အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံရဲ့ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး အဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရဆိုတဲ့ အာဆီယံအခြေခံမူတွေနဲ့ ကွဲလွဲနေတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ကိုက်ညီမှုမရှိတော့တဲ့အတွက် အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ပြန်လည်သုံးသပ်ပြင်ဆင်သင့်တယ်ဆိုတဲ့ သဘောထားကို စစ်အုပ်စုထိန်းချုပ်လွှတ်တော်အတွင်း ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
အဆိုကို ဇွန်လ ၂၆ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စတင်တင်သွင်းခဲ့ပြီး ဆွေးနွေးရန် လက်ခံမလားဆိုတာကို မဲခွဲဆုံးဖြတ်ရာ မဲပေးခွင့်ရှိသူ ၅၅၁ ဦးအနက် ထောက်ခံမဲ ၅၁၈ မဲ၊ ကန့်ကွက်မဲ ၅ မဲနဲ့ ကြားနေမဲ ၁၀ မဲရရှိခဲ့တာကြောင့် ဆွေးနွေးဖို့ အတည်ပြုခဲ့ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဟာ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်မှာ အာဆီယံခေါင်းဆောင်တွေက မြန်မာ့အရေးနဲ့ပတ်သက်ပြီး သဘောတူခဲ့တာဖြစ်ပြီး အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးကြား ဆွေးနွေးရေး၊ အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်ကူညီရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသွားရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေးတို့ ပါဝင်ပါတယ်။
စစ်အုပ်စုဘက်ကတော့ ၂၀၂၁ ခုနှစ်က ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဟာ လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့ဘူးဆိုပြီး လွှတ်တော်အတွင်းကနေ တရားဝင်ပြန်လည်သုံးသပ်ဖို့ ဖိအားပေးလာတာ ဖြစ်ပါတယ်။
အခုလို အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ကန့်ကွက်တဲ့သဘောထားတွေ စစ်အုပ်စုထိန်းချုပ်လွှတ်တော်အတွင်း ဆွေးနွေးလာတာဟာ မြန်မာနိုင်ငံနဲ့ အာဆီယံအကြား ဆက်ဆံရေးကို ပိုမိုတင်းမာစေနိုင်သလို မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးအတွက် အာဆီယံက ကိုင်တွယ်လာတဲ့ သံတမန်ရေးမူဘောင်ကို စစ်အုပ်စုဘက်က တရားဝင်စိန်ခေါ်လာတဲ့ အခြေအနေဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။


