Homeပြည်တွင်းသတင်းမုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နဲ့ ရန်ကုန်အပါအဝင် ဒေသအချို့မှာ ဇူလိုင် ၁၄ ရက်အထိ မိုးကြီးနိုင်

မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နဲ့ ရန်ကုန်အပါအဝင် ဒေသအချို့မှာ ဇူလိုင် ၁၄ ရက်အထိ မိုးကြီးနိုင်

၆ ဇူလိုင် ၂၀၂၆ | New Day Myanmar

မုန်တိုင်းငယ်ရဲ့အရှိန်နဲ့ မုတ်သုံလေအားကောင်းနေတာကြောင့် နေပြည်တော်နဲ့ ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ ဇူလိုင် ၁၄ ရက်အထိ မိုးထစ်ချုန်းရွာပြီး အချို့နေရာတွေမှာ မိုးသည်းထန်စွာ ရွာနိုင်တယ်လို့ စစ်အုပ်စုရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ဇူလိုင် ၆ ရက် မနက် ၈ နာရီမှာ သတိပေးထုတ်ပြန်ထားပါတယ်။

မိုးကြီးနိုင်တဲ့ ဒေသတွေကတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာလည်း မိုးသက်လေပြင်း မကြာခဏ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၁ ပေကနေ ၁၄ ပေအထိ ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။

မိုးသက်လေပြင်းကျချိန်မှာ လေတိုက်နှုန်းဟာ တစ်နာရီကို ၃၅ မိုင်ကနေ ၄၀ မိုင်အထိ ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မိုးလေဝသဌာနကတော့ မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာလို သဘာဝဘေးအန္တရာယ်တွေ ဖြစ်နိုင်တာကြောင့် ကုန်းမြင့်ဒေသနဲ့ မြစ်၊ ချောင်းအနီးမှာ နေထိုင်သူတွေအနေနဲ့ ကြိုတင်သတိထားကြဖို့ တိုက်တွန်းထားပါတယ်။

အလားတူ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေအနေနဲ့လည်း ရာသီဥတုအခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ အသိပေးထားပါတယ်။

Related News

Most Read