Homeအထူးသတင်းဟော်မုဇ်ရေလက်ကြားကို အင်အားသုံးပြီးဖြစ်စေ ဆက်ထိန်းချုပ်မယ်လို့ အီရန်ပြော

ဟော်မုဇ်ရေလက်ကြားကို အင်အားသုံးပြီးဖြစ်စေ ဆက်ထိန်းချုပ်မယ်လို့ အီရန်ပြော

၂ ဇူလိုင် ၂၀၂၆ | New Day Myanmar

အီရန်နိုင်ငံဟာ ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုကို ထိန်းချုပ်ခွင့်နဲ့ ဖြတ်သန်းခကောက်ခံခွင့်ကို နိုင်ငံတကာက အသိအမှတ်ပြုလာအောင် အင်အားသုံးပြီးဖြစ်စေ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အမည်မဖော်လိုတဲ့ အီရန်အဆင့်မြင့်သတင်းရင်းမြစ်နှစ်ဦးက Reuters ကို ပြောပါတယ်။

အမေရိကန်နဲ့ အီရန်တို့ သုံးလကြာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ ဇွန်လ ၁၇ ရက်မှာ ရရှိခဲ့တဲ့ ကြားဖြတ်သဘောတူညီချက်အရ အီရန်ဟာ ဟော်မုဇ်ရေလက်ကြားကို ရက်ပေါင်း ၆၀ ကြာ ဖြတ်သန်းခမကောက်ဘဲ သင်္ဘောတွေ ဖြတ်သန်းခွင့်ပေးဖို့ သဘောတူထားပါတယ်။

ဒါပေမဲ့ ဘယ်သင်္ဘောတွေကို ဖြတ်သန်းခွင့်ပေးမလဲ၊ ဘယ်ရေလမ်းကြောင်းတွေကို အသုံးပြုရမလဲဆိုတာ ဆုံးဖြတ်ပိုင်ခွင့်က သူတို့ဆီမှာ ဆက်ရှိနေတယ်လို့ အီရန်ဘက်က ယူဆထားပါတယ်။

အခုလုပ်ဆောင်နေတဲ့ အမေရိကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်ခွင့်ကို အတည်ပြုသဘောတူညီမှု မရမချင်း နျူကလီးယားအရေးအပါအဝင် တခြားအငြင်းပွားဖွယ်ကိစ္စတွေကို ဆက်လက်ဆွေးနွေးမှာ မဟုတ်ဘူးလို့ အီရန်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကြားဖြတ်သဘောတူညီချက်ကို ထပ်မံသက်တမ်းမတိုးနိုင်ရင် ဩဂုတ်လလယ်ကစပြီး သင်္ဘောတွေကို ဖြတ်သန်းခ ပြန်လည်ကောက်ခံဖို့ အီရန်က စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဖြတ်သန်းခ ဘယ်လောက်ကောက်ခံမယ်၊ ဘယ်လိုစနစ်နဲ့ ကောက်ခံမယ်ဆိုတာကိုတော့ အီရန်က မထုတ်ပြန်သေးပါဘူး။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့ကတော့ နိုင်ငံတကာရေလမ်းကြောင်းတခုကို ဘယ်နိုင်ငံကမှ ပိတ်ဆို့တာ၊ သင်္ဘောတွေကို ဖြတ်သန်းခကောက်တာမျိုး လုပ်ပိုင်ခွင့်မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာလည်း အီရန်ရဲ့ ခွင့်ပြုချက်မရယူဘဲ အိုမန်နိုင်ငံဘက်ခြမ်းက ရေလမ်းကြောင်းကို အသုံးပြုဖို့ ကြိုးပမ်းခဲ့တဲ့ သင်္ဘောလေးစင်းကို အီရန်က ပစ်ခတ်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့တွေနဲ့ အီရန်တို့ကြား ခေတ္တပြင်းထန်တဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အီရန်သတင်းရင်းမြစ်တဦးက တခြားနိုင်ငံတွေက သူတို့ရဲ့ သတ်မှတ်ချက်တွေကို လက်မခံရင် အင်အားသုံးပြီး ဖိအားပေးဖို့ အဆင်သင့်ရှိသလို အမေရိကန်နဲ့ ပဋိပက္ခ ပြန်လည်ပြင်းထန်လာရင်တောင် နောက်ဆုတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

စကော့တလန်နိုင်ငံ St Andrews တက္ကသိုလ်က ခေတ်သစ်သမိုင်းပါမောက္ခ အလီအန်ဆာရီကတော့ အီရန်ဟာ အမေရိကန်ရဲ့ တုံ့ပြန်နိုင်မှုကို လျှော့တွက်ပြီး တောင်းဆိုချက်တွေ လွန်ကဲသွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

နှစ်ဖက်စလုံးက စစ်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်လို့ မခံယူထားတာကြောင့် ပဋိပက္ခ ပြန်လည်ဖြစ်ပွားနိုင်ခြေဟာ လူအများယူဆထားတာထက် ပိုမြင့်နေတယ်လို့လည်း သူက ပြောပါတယ်။

ဟော်မုဇ်ရေလက်ကြားဟာ အီရန်နဲ့ အိုမန်ရေပိုင်နက်အတွင်း တည်ရှိပေမယ့် နိုင်ငံတကာရေလက်ကြားအဖြစ် သတ်မှတ်ထားပြီး စစ်ပွဲမဖြစ်မီ ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှု ငါးပုံတပုံခန့် ဖြတ်သန်းသယ်ယူခဲ့တဲ့ အရေးပါတဲ့ ရေလမ်းကြောင်းတခု ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most Read