၂၅ ဇွန် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဆာရဖီမြို့နယ်ရှိ ဇိမ်ခံအိမ်တစ်လုံးကို အွန်လိုင်းငွေလိမ်ဂိုဏ်းရဲ့ လုပ်ငန်းအခြေစိုက်စခန်းအဖြစ် အသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး တရုတ်နိုင်ငံသား ၁၁ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦး စုစုပေါင်း ၁၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ အမှတ် ၅ တိုင်းရဲဌာနက ဇွန်လ ၂၄ ရက်မှာ အဲဒီအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ဖုန်း၊ ကွန်ပျူတာနဲ့ တခြားအီလက်ထရွန်နစ်ပစ္စည်းအများအပြားကို သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အိမ်ကို တစ်လ ဘတ် ၈၀,၀၀၀ ခန့်နဲ့ ငှားရမ်းထားပြီး နေထိုင်ရာအဖြစ်သာမက အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်ရာ ရုံးခန်းအဖြစ်ပါ အသုံးပြုခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ အဲဒီအိမ်ထဲကို လူအများအပြား မကြာခဏ ဝင်ထွက်သွားလာတာ၊ အစားအသောက်နဲ့ ပစ္စည်းတွေကို အများအပြားမှာယူတာနဲ့ ညအချိန် ဆူညံသံတွေ ကြားနေရတာကြောင့် သံသယဝင်ခဲ့ကြပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ ဒီအွန်လိုင်းငွေလိမ်လုပ်ငန်းကို ပြည်ပမှာရှိတဲ့ ခေါင်းဆောင်တွေက ထိန်းချုပ်ညွှန်ကြားနေပြီး တရုတ်နိုင်ငံသားတွေကို အဓိကပစ်မှတ်ထား လိမ်လည်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။
လိမ်လည်သူတွေဟာ အာမခံကုမ္ပဏီ၊ ပို့ဆောင်ရေးကုမ္ပဏီ ဒါမှမဟုတ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုက ဝန်ထမ်းတွေအဖြစ် ဟန်ဆောင်ပြီး သားကောင်တွေကို ဖုန်းနဲ့ ကွန်ပျူတာထဲ ဆော့ဖ်ဝဲထည့်သွင်းခိုင်းကြပါတယ်။
အဲဒီနောက် သားကောင်တွေရဲ့ စက်ပစ္စည်းတွေကို အဝေးကနေ ထိန်းချုပ်ကာ ကိုယ်ရေးအချက်အလက်တွေ ရယူပြီး သတ်မှတ်ထားတဲ့ ဘဏ်အကောင့်တွေဆီ ငွေလွှဲခိုင်းတာမျိုး ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့ အမှတ် ၅ တိုင်းရဲဌာန ဒုတိယတိုင်းမှူး ရဲမှူးချုပ် သဝတ်ချိုင် ဖုန်းဝိဝပ်ချိုင်က ပြီးခဲ့တဲ့ ခြောက်လအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းမှာ အလားတူ နိုင်ငံဖြတ်ကျော်အွန်လိုင်းငွေလိမ်အမှု လေးမှုကနေ ငါးမှုအထိ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ပြည်ပမှာရှိတဲ့ ဂိုဏ်းခေါင်းဆောင်တွေက ဖမ်းဆီးခံရသူတွေရဲ့နေရာမှာ အဖွဲ့ဝင်အသစ်တွေ ထပ်မံစေလွှတ်နေတဲ့အတွက် ဒီပြဿနာဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ကျူးလွန်သူအများစုဟာ ခရီးသွားဗီဇာနဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာသူတွေဖြစ်ပြီး တချို့က နယ်စပ်တစ်လျှောက် တရားမဝင်လမ်းကြောင်းတွေကနေ ဝင်ရောက်လာတာကြောင့် စစ်ဆေးဖော်ထုတ်ဖို့ ခက်ခဲနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖမ်းဆီးခံရသူ ၁၅ ဦးကို ဘယ်ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာနဲ့ သိမ်းဆည်းရမိတဲ့ အီလက်ထရွန်နစ်ပစ္စည်းအရေအတွက်ကိုတော့ ထိုင်းရဲတပ်ဖွဲ့က အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။


