Homeအထူးသတင်းဗင်နီဇွဲလား ငလျင်ကြောင့် သေဆုံးသူ တသောင်းကနေ တသိန်းအထိရှိနိုင်ဟု USGS ခန့်မှန်း

ဗင်နီဇွဲလား ငလျင်ကြောင့် သေဆုံးသူ တသောင်းကနေ တသိန်းအထိရှိနိုင်ဟု USGS ခန့်မှန်း

၂၅ ဇွန် ၂၀၂၆ | New Day Myanmar

ဗင်နီဇွဲလားနိုင်ငံမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးနှစ်ခု တစ်မိနစ်မပြည့်ခင် ဆက်တိုက်လှုပ်ခတ်ခဲ့တာကြောင့် မြို့တော်ကရာဆက်စ်အပါအဝင် နေရာအများအပြားမှာ အဆောက်အအုံတွေ ပြိုကျပျက်စီးပြီး လူအများအပြား အပျက်အစီးတွေအောက် ပိတ်မိနေပါတယ်။

အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ USGS ရဲ့ ကနဦးခန့်မှန်းချက်အရ ဒီငလျင်တွေကြောင့် သေဆုံးသူ ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အတွင်း ရှိနိုင်ခြေ ၄၄ ရာခိုင်နှုန်းရှိပြီး သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု အလွန်မြင့်မားနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါဟာ လက်ရှိအတည်ပြုထားတဲ့ သေဆုံးသူစာရင်းမဟုတ်ဘဲ ငလျင်ပြင်းအား၊ လူဦးရေသိပ်သည်းမှုနဲ့ အဆောက်အအုံအခြေအနေတို့ကို အခြေခံတွက်ချက်ထားတဲ့ USGS ရဲ့ ကနဦးခန့်မှန်းချက်သာ ဖြစ်ပါတယ်။

ဗင်နီဇွဲလားအာဏာပိုင်တွေက နိုင်ငံတစ်ဝန်း သေဆုံး၊ ဒဏ်ရာရသူ စုစုပေါင်းအရေအတွက်ကို လက်ရှိအချိန်အထိ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ပထမငလျင်ဟာ ဇွန်လ ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီကျော်မှာ ဗင်နီဇွဲလားမြောက်ပိုင်း ယူမာရေမြို့ အရှေ့တောင်ဘက် ၂၃ ကီလိုမီတာခန့်အကွာကို ဗဟိုပြုပြီး မဂ္ဂနီကျု ၇.၂ အဆင့်နဲ့ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ၃၉ စက္ကန့်ခန့်အကြာမှာ တစ်နေရာတည်းနီးပါးကို ဗဟိုပြုပြီး မဂ္ဂနီကျု ၇.၅ အဆင့်ရှိတဲ့ ဒုတိယငလျင် ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။

ပထမငလျင်ဟာ မြေအောက်အနက် ၂၀ ကီလိုမီတာခန့်နဲ့ ဒုတိယငလျင်ကတော့ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြုခဲ့ပြီး USGS က ငလျင်နှစ်ခုလုံးကို အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ငလျင်ဗဟိုချက်ဟာ ကရာဆက်စ်မြို့ရဲ့ အနောက်ဘက် ကီလိုမီတာ ၁၆၀ ခန့်အကွာမှာရှိပေမယ့် မြို့တော်အတွင်းက အဆောက်အအုံတွေ ပြင်းထန်စွာ လှုပ်ယမ်းခဲ့ပြီး အဆောက်အအုံတချို့ ပြိုကျခဲ့ပါတယ်။

ကရာဆက်စ်မြို့အရှေ့ပိုင်း ချာကာအိုဒေသမှာ အဆောက်အအုံနှစ်လုံး ပြိုကျပြီး အနည်းဆုံး လူ ၁၆ ဦး ဒဏ်ရာရခဲ့သလို သေဆုံးသူတွေလည်း ရှိတယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူအရေအတွက်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပြိုကျနေတဲ့ အဆောက်အအုံအပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို အပူတပြင်း ရှာဖွေကယ်တင်နေပြီး ဆေးရုံတွေမှာလည်း ဒဏ်ရာရသူတွေကို လက်ခံကုသနိုင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို အင်အားဖြည့်တင်းထားပါတယ်။

ကရာဆက်စ်အပြင် လာဂွိုင်ရာနဲ့ တခြားဒေသတွေမှာလည်း အဆောက်အအုံတွေ ပျက်စီးပြိုကျခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ နိုင်ငံရဲ့ အဓိကလေဆိပ်မှာ ပျက်စီးမှုတွေရှိတယ်ဆိုတဲ့ ရုပ်သံတွေလည်း ပျံ့နှံ့နေပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် ကရာဆက်စ်နဲ့ တခြားဒေသတချို့မှာ လျှပ်စစ်မီး၊ ရေပေးဝေမှုနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပြတ်တောက်ခဲ့ပါတယ်။

ပျက်စီးနေတဲ့ အဆောက်အအုံတွေမှာ ဓာတ်ငွေ့ယိုစိမ့်ပြီး မီးလောင်ပေါက်ကွဲမှုတွေ မဖြစ်ပေါ်စေဖို့ အဆောက်အအုံတချို့ဆီ ဓာတ်ငွေ့ပေးပို့မှုကို ကြိုတင်ဖြတ်တောက်ထားပါတယ်။

နောက်ဆက်တွဲငလျင်တွေ ထပ်မံလှုပ်ခတ်လာနိုင်တာကြောင့် ပျက်စီးနေတဲ့ အဆောက်အအုံတွေထဲ မပြန်ဝင်ကြဖို့ အာဏာပိုင်တွေက ပြည်သူတွေကို သတိပေးထားပါတယ်။

ငလျင်တွေဟာ ကမ်းရိုးတန်းနဲ့ နီးကပ်တဲ့နေရာမှာ လှုပ်ခတ်ခဲ့တာကြောင့် ပွာတိုရီကို၊ ဗာဂျင်ကျွန်းစု၊ အရူးဘာ၊ ကျူရာဆာအိုနဲ့ ဘိုနိုင်းယားတို့အတွက် ဆူနာမီအန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့ပေမယ့် တစ်နာရီခန့်အကြာမှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ ကာရစ်ဘီယံမြေထုချပ်နဲ့ တောင်အမေရိကမြေထုချပ်တို့ ဆုံတွေ့ရာ ငလျင်လှုပ်ရှားမှုရှိတဲ့ နေရာမှာ တည်ရှိပြီး ကရာဆက်စ်မြို့ဟာ ၁၉၆၇ ခုနှစ်ကလည်း လူသေဆုံးမှုများတဲ့ ငလျင်ဒဏ်ကို ကြုံတွေ့ခဲ့ဖူးပါတယ်။

ဆက်စပ် သတင်းများ

Most Read