Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အပေါ် NUG နိုင်ငံခြားရေးဝန်ကြီး ဝေဖန်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အပေါ် NUG နိုင်ငံခြားရေးဝန်ကြီး ဝေဖန်

၃၀ မေ ၂၀၂၆ | New Day Myanmar

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ဟာ မဖြစ်သင့်တဲ့ ကိစ္စတစ်ရပ်ဖြစ်ပြီး အိန္ဒိယအစိုးရအနေနဲ့ ပြန်လည်စဉ်းစားသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ အိန္ဒိယနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖိတ်ကြားတွေ့ဆုံတာဟာ NUG အနေနဲ့ အလွန်စိုးရိမ်မိတဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့လည်း ဒေါ်ဇင်မာအောင်က ပြောဆိုထားပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး နယူးဒေလီရောက် မြန်မာပြည်သူ ရာနဲ့ချီက ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်ခဲ့ကြပေမယ့် အိန္ဒိယရဲတပ်ဖွဲ့က ခွင့်မပြုဘဲ ဟန့်တားခဲ့တယ်လို့ India For Myanmar က ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်အရ စစ်တပ်ရဲ့ သတ်ဖြတ်မှု၊ ဖိနှိပ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆန့်ကျင်ကန့်ကွက်ဖို့ ထွက်လာကြသူတွေဟာ သတ်မှတ်ထားတဲ့ နေရာအထိပင် သွားရောက်ခွင့်မရဘဲ တားဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာက အလိုရှိနေတဲ့ ရာဇဝတ်မှုကျူးလွန်သူတစ်ဦးကို အစိုးရအကြီးအကဲတစ်ဦးအဖြစ် ဆက်ဆံနေချိန်မှာ ဆန္ဒပြသူတွေကို တားဆီးပိတ်ပင်တာဟာ စိတ်ပျက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကော်မရှင်ကြီးစိုးတဲ့ လွှတ်တော်က ခန့်အပ်တဲ့ သမ္မတရာထူးကို ရယူခဲ့ပြီးနောက် ယခု အိန္ဒိယခရီးစဉ်ကို သမ္မတအမည်ခံနဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

မေ ၃၀ ရက်ကနေ ဇွန်လ ၃ ရက်အထိ ကြာမြင့်မယ့် အဆိုပါခရီးစဉ်အတွင်း ဇွန်လ ၁ ရက်နေ့မှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပြီး စီးပွားရေးဖိုရမ်တစ်ခုကိုလည်း တက်ရောက်သွားမယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ “Neighbourhood First” နဲ့ “Act East” မူဝါဒတွေမှာ အချက်အချာကျတဲ့ နိုင်ငံဖြစ်ပြီး ယခုခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမယ်လို့ မျှော်လင့်ထားကြောင်း ဖော်ပြထားပါတယ်။

ပုံစာ – စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြရန် ထွက်လာကြသည့် မြန်မာရွှေ့ပြောင်းဒုက္ခသည်များကို အိန္ဒိယရဲတပ်ဖွဲ့က တားဆီးထားသည့် မြင်ကွင်း။ (ဓာတ်ပုံ – India For Myanmar)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး