၂၅ မေ ၂၀၂၆ | New Day Myanmar
အမေရိကန်နဲ့ အီရန်တို့ဟာ အရှေ့အလယ်ပိုင်းစစ်ပွဲ လျှော့ချနိုင်ရေးအတွက် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ကို အခြေခံမူအရ သဘောတူညီမှုရရှိထားပြီး အဆိုပါသဘောတူညီချက်မှာ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးနဲ့ အီရန်ရဲ့ အဆင့်မြင့် ယူရေနီယမ်သိုလှောင်မှုတွေ ဖယ်ရှားရေးတို့ ပါဝင်တယ်လို့ အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးက မေ ၂၅ ရက်မှာ သတင်းထောက်တွေကို ပြောကြားပါတယ်။
ဒါပေမဲ့ အဆိုပါသဘောတူညီချက်ကို လက်မှတ်မရေးထိုးရသေးသလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီရန်အမြင့်ဆုံးခေါင်းဆောင်တို့ရဲ့ နောက်ဆုံးအတည်ပြုချက် ရယူရဦးမယ်လို့ သိရပါတယ်။
အီရန်ဘက်ကတော့ ဖြစ်နိုင်ချေရှိတဲ့ သဘောတူညီချက်နဲ့ ပတ်သက်ပြီး တရားဝင်မှတ်ချက်ပေးထားတာ မရှိသေးပါဘူး။
အမေရိကန်အရာရှိရဲ့ ပြောကြားချက်အရ အီရန်ရဲ့ အဆင့်မြင့် ယူရေနီယမ်တွေကို ဘယ်လိုဖယ်ရှားမလဲဆိုတဲ့ နည်းလမ်းပိုင်းကို ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ပြီး ထရမ့်ကတော့ အမေရိကန်ဘက်က ယင်းပစ္စည်းတွေကို သိမ်းယူဖို့ လိုလားနေပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်ခဲ့ကာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့သလို ကမ္ဘာ့စွမ်းအင်ဈေးကွက်တွေလည်း တုန်လှုပ်ခဲ့ပါတယ်။
ထရမ့်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စတင်မယ်လို့ ခြိမ်းခြောက်ခဲ့သလို တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ တိုးတက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
မေ ၂၄ ရက်မှာတော့ ထရမ့်က Truth Social လူမှုကွန်ရက်မှာ “ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ နားလည်မှုစာချွန်လွှာတစ်ရပ်ကို အများစု ညှိနှိုင်းပြီးဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ မေ ၂၅ ရက်မှာတော့ ၎င်းက “သဘောတူညီချက်ကို အလျင်စလို မလုပ်ဖို့” ဆွေးနွေးရေးအဖွဲ့ကို ညွှန်ကြားထားတယ်လို့ ပြောကြားပါတယ်။
သဘောတူညီချက် အတည်ပြုနိုင်ခဲ့ရင် အမေရိကန်အနေနဲ့ အီရန်ကို ဖိအားပေးဖို့ အသုံးပြုနေတဲ့ ဆိပ်ကမ်းပိတ်ဆို့မှုတွေကို ရပ်ဆိုင်းပေးနိုင်တယ်လို့လည်း ထရမ့်က ပြောပါတယ်။
တစ်ဖက်မှာ အီရန်အရာရှိသုံးဦးကတော့ ဖြစ်နိုင်ချေရှိတဲ့ သဘောတူညီချက်ဟာ နျူကလီးယားကိစ္စရပ်တွေကို ရက် ၃၀ ကနေ ၆၀ အတွင်း ဆက်လက်ဆွေးနွေးဖို့သာ ပါဝင်ပြီး နောက်ထပ် အသေးစိတ်ညှိနှိုင်းမှုတွေ ဆက်လုပ်ရဦးမယ်လို့ ဆိုပါတယ်။
အမေရိကန်ဘက်ကတော့ လက်ရှိသဘောတူညီချက်မှာ အီရန်ရဲ့ ဒုံးကျည်အစီအစဉ်တွေ မပါဝင်သေးသလို ယူရေနီယမ် ကြွယ်ဝစေမှု ရပ်ဆိုင်းရေးကိုလည်း မသတ်မှတ်ရသေးဘူးလို့ ပြောထားပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ အီရန်အနေနဲ့ နျူကလီးယားလက်နက် ဘယ်တော့မှ မပိုင်ဆိုင်စေရဘူးဆိုတဲ့ ရပ်တည်ချက်မှာ ထရမ့်နဲ့ သဘောထားတူညီနေဆဲဖြစ်တယ်လို့ ပြောကြားထားပါတယ်။
အမေရိကန်လွှတ်တော်မှာလည်း အဆိုပါသဘောတူညီချက်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပြီး ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တချို့က သဘောတူညီချက်ရဲ့ အသေးစိတ်အချက်အလက်တွေကို ရှင်းလင်းဖို့ တောင်းဆိုနေကြပါတယ်။


