၁၃ မေ ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့မှာ နှစ်ပေါင်းများစွာ သွယ်တန်းအသုံးပြုလာတဲ့ ဖိုင်ဘာကေဘယ်နဲ့ ဝိုင်ဖိုင်ကြိုးတွေကို မြို့နယ်အလိုက် လျှပ်စစ်ဌာနက ဖယ်ရှားရှင်းလင်းနေတဲ့အတွက် အင်တာနက်ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အခုလို ရှင်းလင်းရာမှာ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ကြိုးတွေ ဖြတ်တောက်ဖယ်ရှားနေတာကြောင့် အင်တာနက်သုံးစွဲသူတွေ အခက်အခဲကြုံတွေ့နေရသလို ဖုန်းဒေတာ ဝယ်ယူအသုံးပြုနေရတဲ့အတွက် ကုန်ကျစရိတ်လည်း မြင့်တက်နေတယ်လို့ ဆိုပါတယ်။
“အဓိကက အုပ်ချုပ်သူတွေရဲ့ အားနည်းချက်ပေါ့။ အင်တာနက်ကုမ္ပဏီတွေကို လုပ်ခိုင်းတုန်းကလည်း သူတို့ပဲ၊ ဖျက်တော့လည်း အကြောင်းမကြား ဘာမကြား လုပ်တာလည်း သူတို့ပဲ။ သုံးစွဲသူတွေပဲ ဝန်ပိတာပေါ့။ ပြီးတော့ ကြိုးတွေကို ဖျက်ချပြီး လမ်းဘေးပလက်ဖောင်းပေါ် ဒီအတိုင်းထားသွားတယ်။ စိတ်ပျက်စရာပါဗျာ” လို့ ကျောက်တံတားမြို့နယ်နေသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ မလွတ်ကင်းတဲ့ အင်တာနက်ကြိုးတွေကို ဖယ်ရှားပေးဖို့ လျှပ်စစ်ဝန်ကြီးဌာနက အသိပေးကြေညာထားတာ မှန်ပေမယ့် သက်ဆိုင်ရာ အင်တာနက်ကုမ္ပဏီတွေနဲ့ ကြိုတင်ညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာကြောင့် လက်ရှိလို ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာဖြစ်တယ်လို့ အင်တာနက်သုံးစွဲသူတွေက သုံးသပ်နေကြပါတယ်။
လတ်တလောမှာ ရန်ကုန်မြို့ရှိ အချို့မြို့နယ်တွေမှာ အင်တာနက်လိုင်း လုံးဝပြတ်တောက်သွားတဲ့ အခြေအနေတွေရှိနေပြီး၊ သုံးစွဲသူတွေဟာ ကိုယ်ပိုင်ဖုန်းဒေတာကိုသာ အားကိုးအသုံးပြုနေကြရတယ်လို့ သိရပါတယ်။
“ဒေတာဈေးတွေလည်း အရမ်းတက်နေတယ်။ အရင်က ၉၉၉ ကျပ်ဆို 1GB ပေးပေမယ့် အခု 800 MB ကျော်လောက်ပဲ ရတော့တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။


