၈ မေ ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့မှာ အခု မေလအတွင်း လျှပ်စစ်မီးပေးဝေမှုကို ၄ နာရီခြားစနစ်နဲ့ ပေးမယ်လို့ ကြေညာထားပေမယ့် လက်တွေ့မြေပြင်မှာတော့ ၈ နာရီနီးပါးအထိ မီးပျက်နေတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပြီး လုပ်ငန်းရှင်တွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ရန်ကုန်မြို့က လုပ်ငန်းရှင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ရန်ကုန်မြို့နယ်တွေကို အုပ်စု (A) နဲ့ (B) ဆိုပြီး နှစ်စုခွဲကာ မနက် ၅ နာရီကနေ ည ၉ နာရီအထိ ၄ နာရီခြား တစ်ခါစီ အလှည့်ကျ မီးပေးသွားမှာဖြစ်ပြီး၊ ည ၉ နာရီကနေ မနက် ၅ နာရီအထိကိုတော့ မီးအပြည့်ပေးဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် New Day Myanmar ရဲ့ မြေပြင်စောင့်ကြည့်မှုအရ ၄ နာရီအလှည့်ကျစနစ်ဆိုပေမယ့် တကယ်တမ်းမှာတော့ ၆ နာရီကနေ ၈ နာရီအထိကြာအောင် မီးပျက်နေတဲ့ မြို့နယ်တွေ အများအပြားရှိနေပြီး၊ မီးလာရမယ့် အချိန်မှာလည်း မလာတော့တဲ့အတွက် စားသောက်ဆိုင်တွေ၊ အသေးစားစက်ရုံတွေနဲ့ လုပ်ငန်းရှင်တွေ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။
“မီးလာချိန်က သေချာတာမဟုတ်တော့ဘူး။ အခုက မီးလာပြန်တော့လည်း နောက်ကျပြီး အချိန်ခိုးလာတယ်။ ပြတ်ခါနီးလည်း ကြိုပြတ်တယ်။ သူတို့ပြောသလိုက ကြေညာတာပဲရှိတာ၊ မြေပြင်မှာက လုပ်ငန်းရှင်တွေအလူးအလဲပဲ။ ဆီဝယ်သုံးဖို့ကလည်း ဈေးမြင့်တာနဲ့ အမြတ်ဆိုတာ မရှိပါဘူး။ ဝန်ထမ်းတွေကိုလည်း ပြန်ကြည့်နေရတော့ စရိတ်ကြေလောက်ပဲရှိတယ်” လို့ အသေးစားအထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
လျှပ်စစ်မီး မမှန်တာကြောင့် လုပ်ငန်းတွေအနေနဲ့ မီးစက်အသုံးပြုရတာ ပိုများလာပြီး စက်သုံးဆီဈေးမြင့်တက်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ် ပိုတက်လာနေတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း မီးပေးချိန် တိုးပေးမယ်လို့ ကြေညာခဲ့ပေမယ့် လက်တွေ့မှာတော့ မီးပျက်ချိန်တွေ ပိုမိုရှည်ကြာလာတာပဲရှိတယ်လို့ ရန်ကုန်မြို့ခံတွေက ဝေဖန်နေကြပါတယ်။


