Homeနိုင်ငံတကာသတင်းထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးစစ်ဆေးမှုများ တင်းကြပ်မည်၊ အထောက်အထားများ အဆင်သင့်ထားရန် သတိပေး

ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးစစ်ဆေးမှုများ တင်းကြပ်မည်၊ အထောက်အထားများ အဆင်သင့်ထားရန် သတိပေး

၄ မေ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံတစ်ဝန်းရှိ ရွှေ့ပြောင်းလုပ်သားတွေကို ပိုမိုတင်းကြပ်စွာ စစ်ဆေးသွားမယ့် “အထူးစစ်ဆေးမှုစီမံချက်” (Blanket Inspections) ကို အရှိန်မြှင့် ဆောင်ရွက်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒီစီမံချက်ဟာ ကော့ဖငန်းကျွန်းမှာရှိတဲ့ ကလေးထိန်းကျောင်းတစ်ခုမှာ တရားမဝင် နိုင်ငံခြားသားတွေ ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်နောက်ပိုင်း စတင်လာတာဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ စက်ရုံ၊ အလုပ်ရုံတွေ၊ စားသောက်ဆိုင်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

စစ်ဆေးရေးလုပ်ငန်းတွေကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (DOE) နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်ပြီး— အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်နေမှုတွေ၊ Work Permit ထဲက အလုပ်ရှင်နဲ့ လက်တွေ့လုပ်ကိုင်နေရာ မကိုက်ညီမှုတွေ၊ ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ရှိတဲ့ အလုပ်တွေကို နိုင်ငံခြားသားတွေ လုပ်ကိုင်နေမှုတွေကို အဓိကထား စစ်ဆေးမယ်လို့ ဆိုပါတယ်။

စစ်ဆေးမှုအတွင်း ဖမ်းဆီးရမိပါက လုပ်သားတွေဟာ ဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ငွေဒဏ်ချမှတ်ခံရနိုင်ပြီး ပြည်နှင်ဒဏ်ခံရနိုင်သလို ၂ နှစ်အထိ ထိုင်းနိုင်ငံ ပြန်လည်ဝင်ခွင့် ပိတ်ပင်ခံရနိုင်တယ်လို့ သိရပါတယ်။

အလုပ်ရှင်ဘက်ကလည်း တရားမဝင်လုပ်သား ခန့်ထားမိပါက တစ်ဦးလျှင် ဘတ် ၁၀၀,၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရနိုင်ပြီး ထပ်မံကျူးလွန်ပါက ထောင်ဒဏ်ပါ ချမှတ်ခံရနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဒါကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ Passport၊ Visa နဲ့ Work Permit တွေ သက်တမ်းမှန်ကန်မှု ရှိမရှိ စစ်ဆေးထားရန်၊ အလုပ်ရှင်အချက်အလက်တွေ မှန်ကန်အောင် ပြင်ဆင်ထားရန်၊ အထောက်အထားမိတ္တူတွေကို အမြဲဆောင်ထားရန်နဲ့ တားမြစ်ထားတဲ့ အလုပ်အကိုင်တွေကို ရှောင်ကြဉ်ရန် အထူးသတိပေးထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး