၂ မေ ၂၀၂၆ | New Day Myanmar
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း ကြေညာပြီးနောက် အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ ပြန်လွတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။
အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်ကြာ အကျဉ်းချထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြောင်းထားပြီဆိုပေမယ့် လက်ရှိအခြေအနေတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်ရေးအတွက် ဆက်တိုက်ဖိအားပေးနေပြီး သူမရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးကုသမှုတွေကို အပြည့်အဝပေးဖို့ စစ်ကော်မရှင်ကို သတိပေးထားပါတယ်။
အသက် ၈၀ ကျော်ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေအပေါ် ပြည်သူတွေ စိုးရိမ်ပူပန်မှု မြင့်တက်နေပြီး သူမကို နေပြည်တော်ရှိ နေအိမ်တစ်လုံးမှာ ထိန်းသိမ်းထားနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဘက်က ဆိုပါတယ်။
တစ်ဖက်မှာလည်း ဒီလို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့တာဟာ နိုင်ငံတကာဖိအားတွေကို လျှော့ချဖို့ ရည်ရွယ်တာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပြီး လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေတွေနဲ့ တွေ့ဆုံခွင့် မပေးသေးဘူးလို့ သိရပါတယ်။


