၂၈ ဧပြီ ၂၀၂၆ | New Day Myanmar
ဥရောပသမဂ္ဂ ကောင်စီဟာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ပြန်လည်သုံးသပ်ပြီးနောက် စစ်အုပ်စုနဲ့ ဆက်နွယ်သူတွေအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ၂၀၂၇ ခုနှစ် ဧပြီ ၃၀ ရက်နေ့အထိ နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီပိတ်ဆို့မှုစာရင်းထဲမှာ စစ်ကော်မရှင်ရဲ့ ထိပ်သီးခေါင်းဆောင်တွေပါဝင်တဲ့ လူပုဂ္ဂိုလ် ၁၀၅ ဦးနဲ့ စစ်တပ်ကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်း ၂၂ ခု ပါဝင်နေပြီး၊ သူတို့ရဲ့ ဥရောပတွင်း ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့ခြင်း၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို ဝင်ရောက်ခွင့် ဗီဇာပိတ်ပင်ခြင်းနဲ့ လက်နက်ရောင်းဝယ်မှု တားမြစ်ခြင်းတွေကို ဆက်လက် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဥရောပသမဂ္ဂ အနေနဲ့ စစ်အစိုးရထံ တိုက်ရိုက်သွားမယ့် ဘဏ္ဍာရေးကူညီမှုတွေကို ဆက်လက်ရပ်ဆိုင်းထားသလို စစ်အုပ်စုကို အထောက်အပံ့ဖြစ်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း ကန့်သတ်ထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချထားပြီး အခုလို ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို မထိခိုက်စေရန် အထူးဂရုပြုဆောင်ရွက်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


