၂၀ ဧပြီ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်၊ ဘန်ကောက်မြို့အနီးရှိ ကော်ဖီဆိုင်တစ်ခုမှာ အိမ်သာအတွင်း အမျိုးသမီးတွေကို ဗီဒီယိုခိုးရိုက်ခဲ့တဲ့ မြန်မာအလုပ်သမားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူဟာ အသက် ၂၁ နှစ်ရှိ စောညီညီနိုင် ဆိုသူဖြစ်ပြီး ဧပြီ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်မှာ နွန်ထဘူရီမြို့၊ ဘန်ဖိုင်ဒေသရှိ ကော်ဖီဆိုင်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဖြစ်စဉ်အရ အသက် ၁၇ နှစ်အရွယ် ထိုင်းမိန်းကလေးငယ်တစ်ဦးက အိမ်သာအသုံးပြုနေစဉ် မိုဘိုင်းဖုန်းနဲ့ လျှို့ဝှက်ရိုက်ကူးခံနေရတာကို သတိပြုမိပြီး အော်ဟစ်အကူအညီတောင်းခံခဲ့တာကြောင့် ဆိုင်ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေက သံသယရှိသူကို ထိန်းသိမ်းထားခဲ့ပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ စောညီညီနိုင်က လျှို့ဝှက်ရိုက်ကူးမှု ပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဖုန်းအတွင်းမှာ အဆိုပါမိန်းကလေးငယ်အပါအဝင် အမျိုးသမီးဖောက်သည် ၃၀ ကျော်ရဲ့ ဗီဒီယိုဖိုင်တွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဗီဒီယိုတွေဟာ လွန်ခဲ့တဲ့ သုံးလခန့်အတွင်း ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒါ့အပြင် ဖုန်းအတွင်းရှိ Telegram အက်ပ်မှာလည်း အလားတူ ဗီဒီယိုတွေ မျှဝေထားတာကို တွေ့ရှိခဲ့ပြီး ဗီဒီယိုတွေကို ရောင်းချနေတယ်လို့ သံသယရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သို့သော် စောညီညီနိုင်ကတော့ ဗီဒီယိုတွေကို ကိုယ်တိုင်ကြည့်ဖို့သာ သိမ်းထားတာဖြစ်ပြီး ရောင်းချတာမရှိဘူးလို့ ပြောထားပါတယ်။
စုံစမ်းစစ်ဆေးမှုအရ စောညီညီနိုင်ဟာ အဆိုပါကော်ဖီဆိုင်မှာ ၂ နှစ်ခန့် အလုပ်လုပ်နေသူဖြစ်ပြီး မကြာသေးမီကစတင်ကာ အိမ်သာနံရံကို ကျော်ပြီး အမျိုးသမီးတွေကို လျှို့ဝှက်ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့က အဆိုပါကော်ဖီဆိုင်ကို သွားရောက်အသုံးပြုခဲ့တဲ့ အမျိုးသမီးတွေကို မိမိတို့ကို လျှို့ဝှက်ရိုက်ကူးခံထားရခြင်း ရှိမရှိ စစ်ဆေးနိုင်ဖို့ ဘန်စီမောင်းရဲစခန်းကို ဆက်သွယ်ကြရန် တိုက်တွန်းထားပါတယ်။
လက်ရှိမှာ စောညီညီနိုင်ကို အသက် ၁၅ နှစ်အထက် အမျိုးသမီးအပေါ် မဖွယ်မရာ ပြုလုပ်မှုနဲ့ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။
ဓါတ်ပုံ – MGR Online


