Homeပြည်တွင်းသတင်းအီရန်ကုန်တင်သင်္ဘောကို အမေရိကန်က ပစ်ခတ်သိမ်းဆည်း၊ တင်းမာမှုများ ထပ်မံမြင့်တက်

အီရန်ကုန်တင်သင်္ဘောကို အမေရိကန်က ပစ်ခတ်သိမ်းဆည်း၊ တင်းမာမှုများ ထပ်မံမြင့်တက်

၂၀ ဧပြီ ၂၀၂၆ | New Day Myanmar

အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ဖီဆန်ပြီး အီရန်ဆိပ်ကမ်းတွေကို ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ အီရန်ကုန်တင်သင်္ဘောတစ်စင်းကို အမေရိကန်တပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ပြီး သိမ်းဆည်းလိုက်ပြီဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပါတယ်။

အဆိုပါသင်္ဘောကို ရပ်တန့်ဖို့သတိပေးခဲ့ပေမယ့် သင်္ဘောသားတွေက မလိုက်နာခဲ့တာကြောင့် အမေရိကန်ရေတပ်က သင်္ဘောရဲ့ အင်ဂျင်ခန်းကို ပစ်ခတ်ဖောက်ခွဲပြီး လမ်းလယ်မှာပဲ ရပ်တန့်စေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်ဘက်ကတော့ ယခုလုပ်ရပ်အပေါ် လက်တုံ့ပြန်သွားမယ်လို့ ပြောထားပြီး အီရန်မီဒီယာတွေက အီရန်ဒရုန်းတွေက အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အမေရိကန်ဘက်ကတော့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ပြောပါတယ်။

သံတမန်ရေးရာအခြေအနေမှာတော့ အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ စေလွှတ်ထားပေမယ့် အီရန်ဘက်က တက်ရောက်မယ် မတက်ရောက်မယ်ဆိုတာ မသေချာသေးဘူးလို့ သိရပါတယ်။ အီရန်ပြောရေးဆိုခွင့်ရှိသူကလည်း “နောက်ထပ် ဆွေးနွေးပွဲတွေအတွက် ဘာအစီအစဉ်မှ မရှိသေးဘူး” လို့ ပြောထားပါတယ်။

အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေဟာ အစောပိုင်းက နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကနေ စတင်ခဲ့ပြီး၊ အမေရိကန်ဘက်က စီးပွားရေးပိတ်ဆို့မှုတွေနဲ့ စစ်ရေးဖိအားတွေ တိုးမြှင့်လာတာကြောင့် ပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။ အီရန်ဘက်ကလည်း ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ပြောဆိုထားပြီး ကမ္ဘာ့ရေနံထောက်ပံ့မှုအတွက် အရေးပါတဲ့ ဒီရေလမ်းကြောင်းမှာ တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။

လက်ရှိအချိန်မှာ နှစ်ပတ်ကြာ ယာယီအပစ်ရပ်စဲရေး သဘောတူညီချက်ဟာ မကြာခင် သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်မယ်ဆိုရင်တောင် တိုးတက်မှုရရှိဖို့ အခွင့်အလမ်း နည်းပါးနေတယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။

ပုံစာ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သော ဗီဒီယိုမှတ်တမ်းမှ ရယူထားသည့် ဤပုံတွင် အမေရိကန်ရေတပ်၏ Arleigh Burke အဆင့်ရှိ ဒုံးကျည်တင် ဖျက်သင်္ဘော USS Spruance သည် အာရေဗျပင်လယ် မြောက်ပိုင်းတွင် အီရန်အလံလွှင့်ထူထားသော ကုန်တင်သင်္ဘော M/V Touska ကို ကြားဖြတ်တားဆီးနေသည့် မြင်ကွင်းကို တွေ့ရစဉ်။

ဓါတ်ပုံ – CENTCOM/Handout/Reuters

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး