၂၀ ဧပြီ ၂၀၂၆ | New Day Myanmar
အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်၊ ရှရီးပေါ့မြို့မှာ တနင်္ဂနွေနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ မိသားစုအတွင်း ပစ်ခတ်မှုတစ်ခုကြောင့် ကလေး ၈ ဦး သေဆုံးခဲ့ပြီး တရားခံကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၃ နှစ်ကနေ ၁၁ နှစ်အတွင်းရှိ မိန်းကလေး ၅ ဦးနဲ့ ယောကျာ်းကလေး ၃ ဦးဖြစ်ပြီး အဲ့ဒီထဲက ၇ ဦးဟာ တရားခံရဲ့ သားသမီးတွေဖြစ်ကြပြီး တခြားတယောက်ကတော့ အိမ်နီးခြင်း ကလေး ၁ဦးဖြစ်တယ်လို့ သိရပါတယ်။
တရားခံအဖြစ် သံသယရှိသူဟာ ရှာမာ အယ်လ်ကင်ဆိုသူဖြစ်ပြီး ယခင်က လက်နက်မှုနဲ့ပတ်သက်ပြီး အပြစ်ရှိကြောင်း ဝန်ခံခဲ့ဖူးသူတစ်ဦးဖြစ်ပါတယ်။ ထို့အပြင် အမေရိကန်စစ်တပ်ရဲ့ Louisiana Army National Guard မှာလည်း ၂၀၁၃ ကနေ ၂၀၂၀ အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။
ဖြစ်စဉ်က မနက် ၅ နာရီခန့်အချိန် မိသားစုအတွင်း အငြင်းပွားမှုတစ်ခုကနေ စတင်ခဲ့ပြီး တရားခံက ပထမဦးဆုံး အမျိုးသမီးတစ်ဦးကို ပစ်ခတ်ပြီးနောက် အနီးရှိ အိမ်တစ်လုံးကို ဝင်ရောက်ကာ နောက်ထပ် လူ ၈ ဦးကို ဆက်လက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ပစ်ခတ်မှုအတွင်း လူစုစုပေါင်း ၁၀ ဦး ထိခိုက်ခဲ့ပြီး အရွယ်ရောက်ပြီး အမျိုးသမီး ၂ ဦးဟာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပေမယ့် အသက်အန္တရာယ် မရှိဘူးလို့ ခန့်မှန်းထားပါတယ်။ အဲဒီထဲက တစ်ဦးဟာ တရားခံရဲ့ ဇနီးဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အချို့ကလေးတွေဟာ ထွက်ပြေးဖို့ ကြိုးစားပြီး ပြတင်းပေါက်ကနေ ထွက်ကာ အိမ်မိုးပေါ်တက်ခဲ့ကြပေမယ့် တစ်ဦးကို မိုးပေါ်မှာ သေဆုံးနေတဲ့အခြေအနေနဲ့ တွေ့ရှိခဲ့ပါတယ်။ အသက် ၁၃ နှစ်ရှိ ကလေးတစ်ဦးလည်း မိုးပေါ်ကနေ ခုန်ချပြီး လွတ်မြောက်နိုင်ခဲ့ပေမယ့် ဒဏ်ရာရရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ မနက် ၆ နာရီကျော်မှာ ဖြစ်ရပ်နေရာကို ရောက်ရှိခဲ့ပြီး တရားခံဟာ ကားတစ်စီးကို လက်နက်နဲ့ လုယူပြီး ထွက်ပြေးခဲ့ပါတယ်။ နောက်ပိုင်း လိုက်လံဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး တရားခံ သေဆုံးသွားခဲ့ပါတယ်။
ဒေသခံအာဏာပိုင်တွေက အဲ့ဒီ ဖြစ်ရပ်ကို မြို့တစ်မြို့လုံးကို ထိခိုက်စေတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ် လို့ ဖော်ပြထားပြီး အမေရိကန်အတွင်း နှစ်နှစ်ကျော်အတွင်း လူသေဆုံးမှုအများဆုံး ပစ်ခတ်မှုဖြစ်ရပ်တစ်ခုဖြစ်လာတယ်လို့ သိရပါတယ်။


