Homeအထူးသတင်းထိုင်းမှာ မူးနေသူတွေကို အရက်မရောင်းရတဲ့ စည်းမျဉ်းအသစ် စတင်အသက်ဝင်

ထိုင်းမှာ မူးနေသူတွေကို အရက်မရောင်းရတဲ့ စည်းမျဉ်းအသစ် စတင်အသက်ဝင်

၂၉ မတ် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က စပြီး အရက်ရောင်းချသူတွေ အနေနဲ့ မူးနေတဲ့ လူတွေကို အရက်ရောင်းခွင့်မပြုတဲ့ စည်းမျဉ်းအသစ်ကို စတင်ကျင့်သုံးလိုက်ပြီလို့ သိရပါတယ်။

ဒီစည်းမျဉ်းဟာ အရက်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ ပြဿနာတွေကို လျှော့ချဖို့နဲ့ ရောင်းချသူတွေဘက်က ဝယ်ယူသူ မူးနေမနေကို စံသတ်မှတ်ချက် နည်းလမ်းတွေနဲ့ သေချာဆုံးဖြတ်နိုင်အောင် ရည်ရွယ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

စည်းမျဉ်းအသစ်အရ အရက်သောက်ပြီးနောက် ကိုယ်ဟန်မထိန်းနိုင်တာ၊ လမ်းလျှောက်တာ ပုံမမှန်တာ ဒါမှမဟုတ် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အပြုအမူနဲ့ စကားပြောဆိုမှုတွေ ရှိနေသူတွေကို မူးနေသူအဖြစ် သတ်မှတ်နိုင်ပါတယ်။

ဒါ့အပြင် မျက်လုံးနီတာ၊ လက်တုန်တာ၊ စကားသံမရှင်းတာ၊ စိတ်ခံစားချက် ပြောင်းလဲတာ၊ ရန်လိုပြုမူတာနဲ့ သိမြင်နိုင်စွမ်း လျော့နည်းတာမျိုးတွေ တွေ့ရှိရင်လည်း မူးနေသူလို့ သတ်မှတ်နိုင်ပါတယ်။

ရောင်းချသူတွေ အနေနဲ့ မူးနေမနေကို စစ်ဆေးဖို့ စံချိန်တူ နည်းလမ်း ၃ မျိုးကို သတ်မှတ်ပေးထားပါတယ်။

ပထမနည်းလမ်းက မျက်စိပိတ်ပြီး လက်ညှိုးနဲ့ နှာခေါင်းထိပ်ကို ထိခိုင်းတာဖြစ်ပြီး ၁ စင်တီမီတာထက် ပိုလွဲတာ ဒါမှမဟုတ် လက်တုန်နေတာတွေ့ရင် မူးနေသူလို့ သတ်မှတ်နိုင်ပါတယ်။

ဒုတိယနည်းလမ်းက မျဉ်းဖြောင့်အတိုင်း ခြေဖနောင့်နဲ့ ခြေဖျား ထိစပ်ပြီး လမ်းလျှောက်ခိုင်းတာဖြစ်ပြီး လမ်းကြောင်းက လွဲတာ ဒါမှမဟုတ် ဟန်ချက်မထိန်းနိုင်တာတွေ့ရင် မူးနေသူလို့ သတ်မှတ်နိုင်ပါတယ်။

တတိယနည်းလမ်းကတော့ ခြေတစ်ဖက်တည်းနဲ့ ရပ်ခိုင်းပြီး စက္ကန့် ၃၀ ကြာအောင် ထိန်းခိုင်းတာဖြစ်ပြီး ဟန်ချက်ပျက်တာ ဒါမှမဟုတ် ခြေထောက်ချလိုက်တာတွေ့ရင် မူးနေသူလို့ သတ်မှတ်နိုင်ပါတယ်။

ဒီစည်းမျဉ်းတွေကို ထိုင်းအစိုးရရဲ့ တော်ဝင်ဂေဇက်မှာ ထုတ်ပြန်ထားပြီး ထုတ်ပြန်ပြီးနောက်နေ့ကစပြီး အသက်ဝင်လာတာဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ ဒီစည်းမျဉ်းအသစ်တွေကြောင့် အရက်ရောင်းချမှုတွေ ပိုမိုစနစ်တကျ ဖြစ်လာမယ်ဆိုပြီး မျှော်လင့်ထားသလို ပြည်သူလုံခြုံရေးနဲ့ အများပြည်သူ အေးချမ်းသာယာရေးကိုလည်း အထောက်အကူပြုနိုင်မယ်လို့ ပြောထားပါတယ်။

ဓါတ်ပုံ- The Nation

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး