၂၆ မတ်လ ၂၀၂၆ | New Day Myanmar
အီရန်နိုင်ငံအနေနဲ့ စစ်ရေးရှုံးနိမ့်မှုကို မလက်ခံပါက အမေရိကန်ဘက်က ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးထားကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က မတ်လ ၂၅ ရက်မှာ ပြောပါတယ်။
Leavitt က “သမ္မတထရမ့်က လိမ်ညာပြောတာ မရှိပါဘူး။ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဖို့ အဆင်သင့်ရှိနေပါတယ်။ အီရန်ဘက်က ထပ်မံမှားယွင်းမတွက်ချက်သင့်ပါဘူး” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“အီရန်က လက်ရှိအခြေအနေကို မလက်ခံနိုင်ဘူးဆိုရင်၊ သူတို့ စစ်ရေးအရ ရှုံးနိမ့်ထားတာကို နားမလည်ဘူးဆိုရင်၊ နောက်ထပ်လည်း ရှုံးနိမ့်နေမယ်ဆိုတာ မသဘောပေါက်ဘူးဆိုရင် သမ္မတထရမ့်က ယခင်ထက် ပိုမိုပြင်းထန်စွာ တိုက်ခိုက်မယ်ဆိုတာ သေချာပါတယ်” လို့ သူက ထပ်မံပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေး ပူးတွဲ ဆောင်ရွက်နေတဲ့ အီရန်ကိုတိုက်ခိုက်နေတဲ့ စစ်ရေးအခြေအနေဟာ လေးပတ်မြောက် ဝင်ရောက်လာချိန်မှာ ပါကစ္စတန်၊ တူရကီနဲ့ အီဂျစ်တို့အပါအဝင် နိုင်ငံအချို့က ညှိနှိုင်းဖြေရှင်းနိုင်ရေး ကြိုးပမ်းနေကြပါတယ်။
အီရန်ဘက်ကတော့ အမေရိကန်ရဲ့ စစ်ပွဲအဆုံးသတ်ရေး အဆိုပြုချက်ကို လေ့လာနေဆဲဖြစ်ပြီး မူလတုံ့ပြန်မှုမှာ မကောင်းခဲ့ပေမယ့် အပြည့်အဝ ငြင်းပယ်ထားတာ မရှိသေးဘူးလို့ အီရန်အဆင့်မြင့်အရာရှိတစ်ဦးက မတ်လ ၂၅ ရက်မှာ ပြောထားပါတယ်။
Leavitt ကလည်း “ဆွေးနွေးမှုတွေ ဆက်လက်ရှိနေပါတယ်။ သမ္မတပြောထားသလို အကျိုးရှိနေပြီး ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။
မတ်လ ၂၄ ရက်မှာ မီဒီယာတချို့က ဝါရှင်တန်ဘက်က အီရန်ကို စစ်ပွဲအဆုံးသတ်ရေး အချက် ၁၅ ချက်ပါ အစီအစဉ်တစ်ရပ် ပေးပို့ထားတယ်လို့ ဖော်ပြခဲ့ပေမယ့် အဲဒီသတင်းအချက်အလက်တွေထဲမှာ မတိကျမှုတွေ ရှိနေတယ်လို့ Leavitt က ပြောပြီး အသေးစိတ်ကို မဖော်ပြခဲ့ပါဘူး။
“အိမ်ဖြူတော်က အစီအစဉ်တစ်ခုလုံးကို မတည်ပြုခဲ့ပါဘူး။ တချို့အချက်တွေ မှန်ပေမယ့် မမှန်တဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီနေရာမှာ သမ္မတကိုယ်စား အသေးစိတ် မပြောနိုင်ပါဘူး” လို့ သူက ပြောပါတယ်။
အဲ့ဒီသတင်းတွေ ထွက်ပေါ်လာပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဈေးကွက်တွေ ပြန်လည်တိုးတက်လာခဲ့ပြီး ရေနံဈေးနှုန်းတွေ လျော့ကျလာတာကို တွေ့ရပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက စွမ်းအင်ထောက်ပံ့မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ စစ်ရေးအခြေအနေ ပြေလည်လာနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
အီရန်တပ်မတော် ပေါင်းစည်းညွှန်ကြားရေးဌာန Khatam al-Anbiya ရဲ့ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ဇိုလဖာဂါရီကတော့ “သင့်ရဲ့ အရှုံးကို သဘောတူညီချက်လို့ မခေါ်ပါနဲ့” လို့ ပြောဆိုခဲ့ပြီး အမေရိကန်ဘက်ရဲ့ သဘောတူညီမှုဆိုင်ရာ ပြောဆိုချက်တွေကို ဝေဖန်ထားပါတယ်။
ပုံစာ – အိမ်ဖြူတော်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်


