၂၁ မတ်လ ၂၀၂၆ | New Day Myanmar
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အမေရိကန်ဘက်က အောင်ပွဲရရှိထားပြီလို့ ကြေညာလိုက်ပြီး စစ်ရေးလှုပ်ရှားမှုတွေကို လျှော့ချသွားမယ်လို့ ပြောဆိုထားပါတယ်။
ထရမ့်ဟာ သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့်လည်းကောင်း၊ အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာလည်းကောင်း အဲ့ဒီလို ပြောကြားခဲ့တာဖြစ်ပြီး လက်ရှိ စစ်ပွဲဟာ ပြီးဆုံးနီးပါးဖြစ်နေပြီလို့ ဆိုပါတယ်။
ဒါပေမယ့် စစ်ပွဲဟာ လက်ရှိမှာ လေးပတ်နီးပါး ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အမေရိကန်ဘက်က စစ်အင်အားတွေ ထပ်မံတိုးချဲ့နေတဲ့အခြေအနေတွေနဲ့ ဆန့်ကျင်နေတယ်လို့ စစ်ရေးလေ့လာသူတွေက ထောက်ပြနေကြပါတယ်။
ထရမ့်က အီရန်ရဲ့ ဒုံးကျည်စွမ်းအားတွေကို သိသိသာသာ လျှော့ချနိုင်ခဲ့ပြီး လေတပ်နဲ့ ရေတပ်စွမ်းရည်တွေကိုလည်း အားနည်းစေခဲ့တယ်လို့ အခိုင်အမာဆိုထားပါတယ်။
ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ အဲ့ဒီလို အားနည်းစေခြင်း နဲ့ အမြစ်ပြတ်ချေမှုန်းခြင်းတို့အကြား ကွာခြားမှုရှိနေပြီး အီရန်လို နိုင်ငံရဲ့ စစ်ရေးစွမ်းရည်ကို အချိန်တိုအတွင်း အပြည့်အဝ ဖျက်ဆီးနိုင်ခြေ မရှိနိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။
ဒါ့အပြင်ဟော်မုဇ်ရေလက်ကြား လုံခြုံရေးနဲ့ပတ်သက်တဲ့ ရပ်တည်ချက်ဖြစ်ပြီး အမေရိကန်ဟာ အဲ့ဒီရေလမ်းကို အသုံးမပြုကြောင်း၊ အသုံးပြုနေတဲ့ နိုင်ငံတွေကသာ ကိုယ်တိုင် ကာကွယ်ထိန်းသိမ်းသင့်ကြောင်း ထရမ့်က ပြောဆိုထားပါတယ်။
ဒီလိုပြောဆိုမှုဟာ အမေရိကန်ရဲ့ ယခင်က ရေကြောင်းလုံခြုံရေးမှာ ဦးဆောင်နေတဲ့ မူဝါဒကို ပြောင်းလဲလိုက်တာဖြစ်ပြီး အာရှနဲ့ ဥရောပနိုင်ငံတွေကြား စိုးရိမ်မှုတွေ တိုးလာစေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
တစ်ဖက်မှာတော့ အမေရိကန်စစ်ဘက်က အရှေ့အလယ်ပိုင်းကို စစ်သားထောင်ပေါင်းများစွာ ထပ်မံပို့ဆောင်နေဆဲဖြစ်ပြီး စစ်ရေးတင်းမာမှု လျော့နည်းလာတဲ့ လက္ခဏာ မတွေ့ရသေးပါဘူး။
ဒါကြောင့် သမ္မတရဲ့ စစ်ပွဲပြီးဆုံးနေပြီ ဆိုတဲ့ ပြောဆိုချက်နဲ့ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြား ကွာခြားမှုကြီးတစ်ခု ရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။
နိုင်ငံရေးလေ့လာသူတွေကတော့ ဒီလို မူဝါဒကြေညာချက်နဲ့ လက်တွေ့စစ်ရေးလှုပ်ရှားမှုတွေ မညီညွတ်တာဟာ အမေရိကန်အစိုးရအတွင်း ဆုံးဖြတ်ချက်ချမှု မရေရာမှုတွေကို ပြသနေပြီး အနာဂတ်မှာ ပိုမိုကြီးမားတဲ့ မဟာဗျူဟာဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးနေကြပါတယ်။


