၁၁ မတ်လ ၂၀၂၆ | New Day Myanmar
ထိုင်းအလံတင် ကုန်တင်သင်္ဘောတစ်စင်းဟာ မတ်လ ၁၁ ရက်နေ့မှာ ဟော်မုဇ် ရေလက်ကြားအနီးမှာ တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောသား ၃ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဘန်ကောက်အခြေစိုက် MAYUREE NAREE အမည်ရှိ သင်္ဘောဟာ အီရန်နိုင်ငံအနီး ရေပြင်မှာ ခုတ်မောင်းနေစဉ် သင်္ဘောရဲ့ နောက်ပိုင်းမှာ အပစ်ခံခဲ့တာ ဖြစ်ပါတယ်။
သင်္ဘောပေါ်မှာ သင်္ဘောသား စုစုပေါင်း ၂၃ ဦး ပါရှိပြီး တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သင်္ဘောသား ၃ ဦး ပျောက်ဆုံးနေပြီး လက်ရှိအချိန်အထိ ရှာဖွေမတွေ့သေးဘူးလို့ ကနဦး သတင်းတွေမှာ ဖော်ပြထားပါတယ်။
MarineTraffic ရဲ့ သင်္ဘောသွားလာမှု အချက်အလက်တွေ အရ အဆိုပါသင်္ဘောဟာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ဒူဘိုင်းမြို့ကနေ ထွက်ခွာလာတာ ဖြစ်ပြီး တိုက်ခိုက်ခံရချိန်မှာ အိန္ဒိယဘက်ကို ဦးတည်ပြီး ခုတ်မောင်းနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဟော်မုဇ် ရေလက်ကြားဟာ ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ ရေကြောင်းလမ်းကြောင်းတစ်ခု ဖြစ်ပြီး အီရန်နဲ့ အမေရိကန် အပါအဝင် ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ယခုလို တိုက်ခိုက်မှု ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
ပုံစာ – ဟော်မုဇ်ရေလက်ကြားအနီးမှာ တိုက်ခိုက်ခံရတဲ့ ထိုင်းအလံတင်သင်္ဘော MAYUREE NAREE


