၁၀ မတ်လ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦးကို ဓားနဲ့ ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသားတဦးကို ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ဖြစ်စဉ်ဟာ မတ်လ ၉ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်မှာ ချင်းမိုင်မြို့ ချန်းခလန်ရပ်ကွက် ချာရွန်ပရာတက်လမ်းရှိ နေအိမ်တလုံးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့အဆိုအရ ယူဆွတ် (အသက် ၃၃ နှစ်) ဆိုသူ မြန်မာနိုင်ငံသားတဦးဟာ မိန်းကလေးရဲ့ မိခင် အိမ်ပြင်ကို ထွက်သွားချိန်ကို အခွင့်ကောင်းယူပြီး နေအိမ်အတွင်း ဝင်ရောက်ခဲ့ကာ အိမ်ထဲမှာရှိတဲ့ ဓားတစင်းကို အသုံးပြုပြီး မိန်းကလေးကို အော်ဟစ်ခြင်းမပြုဖို့ ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်ပြီးနောက် တရားခံဟာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပေမယ့် ရဲတပ်ဖွဲ့က အနီးအနားရှိ CCTV မှတ်တမ်းတွေကို စစ်ဆေးပြီး သံသယရှိသူရဲ့ လမ်းကြောင်းကို ခြေရာခံခဲ့ပါတယ်။
အဲ့ဒီနောက် အခင်းဖြစ်နေရာအနီးရှိ လူမနေတဲ့ အိမ်အိုတလုံးရဲ့ နောက်ဘက် ချုံပုတ်တွေထဲမှာ ပုန်းအောင်းနေတဲ့ ယူဆွတ်ကို ည ၉ နာရီလောက်မှာ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖမ်းဆီးစဉ်မှာ တရားခံက ရုန်းကန်ခုခံခဲ့တဲ့အတွက် လုံးထွေးမှုဖြစ်ပွားခဲ့ပြီး သူ့မှာ ဦးခေါင်းဒဏ်ရာ ရရှိခဲ့သလို ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ဓားကိုလည်း သက်သေအဖြစ် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ ယူဆွတ်ဟာ ယခင်က အခင်းဖြစ်နေရာအနီးရှိ နေအိမ်တလုံးမှာ အလုပ်လုပ်ဖူးသူဖြစ်ပြီး မိန်းကလေးကို သဘောကျကာ ဖုန်းနံပါတ်တောင်းပြီး ပိုးပန်းခဲ့ဖူးပေမယ့် မိန်းကလေးဘက်က ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
အလုပ်က ထွက်သွားပြီးနောက် ယူဆွတ်ဟာ အနီးရှိ လူမနေတဲ့ အိမ်အိုထဲမှာ ခိုးအောင်းနေထိုင်ပြီး မိန်းကလေးကို စောင့်ကြည့်နေခဲ့ကာ အခွင့်အရေးရချိန်မှာ ပြစ်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လက်ရှိမှာ ယူဆွတ်ကို လက်နက်အသုံးပြုပြီး အဓမ္မပြုကျင့်မှုနဲ့ နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်မှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။


