၃ မတ် ၂၀၂၆ | New Day Myanmar
အီရန် တိုက်လေယာဉ် ၂ စီးကို အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့တယ်လို့ ကာတာအစိုးရက မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်ကလည်း အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ ကာတာအပါအဝင် အမေရိကန် မဟာမိတ်နိုင်ငံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် ပဋိပက္ခဟာ ပိုမိုကျယ်ပြန့်လာနေပါတယ်။
ကာတာအစိုးရ ထုတ်ပြန်ချက်အရ နိုင်ငံရဲ့ လေတပ်ဟာ အီရန်ရဲ့ SU-24 တိုက်လေယာဉ် ၂ စီးကို ပစ်ချနိုင်ခဲ့ပြီး အီရန်ရဲ့ ဒုံးကျည် ၇ စင်းနဲ့ ဒရုန်း ၅ စီးကိုလည်း ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ SU-24 တွေဟာ ဆိုဗီယက်ထုတ် ဗုံးကြဲတိုက်လေယာဉ်တွေ ဖြစ်ပါတယ်။
တိုက်လေယာဉ် ၂ စီး ပစ်ချခံခဲ့ရတဲ့ နေရာကို တိတိကျကျ မသိရသေးပေမယ့် အီရန်တိုက်ခိုက်မှုကို တားဆီးကာကွယ်တဲ့ စစ်ဆင်ရေးအတွင်း ပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ ကာတာဘက်က ပြောပါတယ်။
နိုင်ငံရဲ့ လေပိုင်နက်ကို ခြိမ်းခြောက်လာနိုင်တဲ့ အရာတွေကို ထောက်လှမ်းတွေ့ရှိပြီးတာနဲ့ ချက်ချင်းဟန့်တားဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်ဆင်ရေး ရည်ရွယ်ချက်တွေ ပြည့်မြောက်ခဲ့ပြီး ဒုံးကျည်တွေကိုလည်း ရည်မှန်းချက် မရောက်ခင် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကာတာအစိုးရက ထုတ်ပြန်ပါတယ်။
ကာတာအစိုးရကတော့ အီရန်ဘက်က အစ္စရေး-အမေရိကန် ပူးပေါင်းတိုက်ခိုက်မှုကို တုံ့ပြန်ရာမှာ ကာတာပိုင်နက်ကိုပါ ပစ်မှတ်ထားခဲ့တာဟာ ကမူးရှူးတိုးနိုင်ပြီး အဆင်အခြင်ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်အတွင်း အီရန်ဟာ ကာတာ၊ ကူဝိတ်၊ ယူအေအီး၊ ဆော်ဒီအာရေဗျနဲ့ တခြား အရှေ့အလယ်ပိုင်းနိုင်ငံတချို့ကို ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ပစ်ခတ်နေခဲ့တယ်လို့ သိရပါတယ်။
ကာတာမြို့တော် ဒိုဟာမှာ ရောက်ရှိနေတဲ့ Al Jazeera သတင်းထောက် ဇိန်းဘက်စ်ရာဗီကတော့ အီရန်တိုက်လေယာဉ်တွေကို ကာတာက ပစ်ချလိုက်တယ်ဆိုတာဟာ ပဋိပက္ခက ပိုမိုကြီးထွားလာနေတယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိအခြေအနေဟာ လေကြောင်းတိုက်ပွဲတွေပါ စတင်လာနိုင်တဲ့ အနေအထားရှိနေပြီး ၃ ရက်ကြာလာတဲ့နောက် ပဋိပက္ခ ပိုမိုပြင်းထန်လာတဲ့ သဘောတွေ့ရတယ်လို့ ဆိုပါတယ်။
အီရန်ဘက်ကတော့ ကာတာဖက် ထုတ်ပြန်သလို တိုက်လေယာဉ် ၂ စီး ပစ်ချခံခဲ့ရတယ်ဆိုတဲ့ သတင်းအပေါ် အတည်ပြုခြင်း၊ ငြင်းဆိုခြင်း တစ်စုံတစ်ရာ မပြုလုပ်သေးပါဘူး။
၂၀၂၄ ခုနှစ် စာရင်းအရ အီရန်လေတပ်မှာ SU-24 စုစုပေါင်း ၂၉ စီး ရှိခဲ့ပေမယ့် အပိုပစ္စည်း ပြတ်လပ်မှုလို ပြဿနာတွေကြောင့် အမှန်တကယ် ပျံသန်းနိုင်တဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။


