Homeပြည်တွင်းသတင်းရန်ကုန်မြို့မှာ လေထုညစ်ညမ်းနေတာကြောင့် သက်ကြီးပိုင်းအချို့ မူးလဲတာအပါအဝင် အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါခံစားနေရ

ရန်ကုန်မြို့မှာ လေထုညစ်ညမ်းနေတာကြောင့် သက်ကြီးပိုင်းအချို့ မူးလဲတာအပါအဝင် အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါခံစားနေရ

၂၅ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့မှာ လေထုညစ်ညမ်းမှု အနီရောင်အဆင့်ထိ ရောက်ရှိနေတာကြောင့် သက်ကြီးပိုင်းအချို့ မူးလဲတာတွေ ဖြစ်ပွားလာသလို အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေကိုပါ ခံစားနေရတယ်လို့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

“အခုရက်ပိုင်း ချောင်းဆိုးပြီး ဆေးခန်းလာပြတာတွေ တော်တော်များလာတယ်။ သက်ကြီးပိုင်းတွေက အများစုပါ။ အဆုတ်ယောင်တာ၊ ချောင်းဆိုးတာတွေ ဆက်တိုက်ဖြစ်နေကြတယ်။ အပြင်ထွက်ရင် နှာခေါင်းစည်း တပ်သွားဖို့ လိုတယ်။ မူးလဲလာပြတဲ့ လူနာတွေလည်း ရှိတယ်” လို့ သူက ပြောပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်အထိ ရန်ကုန်မြို့မှာ မိုးအုံ့သလို မြူဆိုင်းနေတဲ့ အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ရာသီဥတုအေးလာတာနဲ့အတူ အသက်ရှုမဝသလို ခံစားရတဲ့ အခြေအနေတွေကို ပြည်သူအများစု ကြုံတွေ့နေရပါတယ်။

“မနေ့က ကျွန်မအဖေ ပင်စင်သွားထုတ်ရင်း တန်းစီနေရချိန် ရုတ်တရက် မူးလဲသွားလို့ ဆေးရုံကို အမြန်ပို့ရတယ်။ စစ်ဆေးချက်အရ အဆုတ်မှာ ပြဿနာမတွေ့ဘူးဆိုပေမယ့် သက်ကြီးပိုင်းဖြစ်တာနဲ့ လေထုမကောင်းတာကြောင့် အောက်စီဂျင် ခဏမလုံလောက်သွားတာလို့ ဆရာဝန်က ပြောတယ်။ အခုတလော လူတိုင်း အသက်ရှုရတာ မဝသလို ခံစားနေရတယ်” လို့ ရန်ကုန်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

လေထုအရည်အသွေး အညွှန်းကိန်းတွေကို ဖော်ပြနေတဲ့ IQAir ရဲ့ မနေ့ညပိုင်း ဖော်ပြချက်အရ ရန်ကုန်မြို့ဟာ လေထုညစ်ညမ်းမှု အဆိုးဆုံး ကမ္ဘာ့မြို့ကြီးများအနက် အဆင့် ၅ အထိ ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ ဒေလီ၊ ကာလကတ္တားနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒါကာမြို့တွေမှာတော့ ခရမ်းရောင်အဆင့်ထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

IQAir ရဲ့ ခန့်မှန်းချက်အရ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေဟာ ဒီကနေ့အတွင်း လိမ္မော်ရောင်အဆင့်၊ အဝါရောင်အဆင့်တွေကို ပြန်လျော့ကျနိုင်ပေမယ့် သက်ကြီးပိုင်း၊ ကလေးငယ်တွေ၊ အသက်ရှုလမ်းကြောင်းရောဂါရှိသူတွေအတွက်တော့ အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှာလည်း ရန်ကုန်မြို့ဟာ AQI ၁၈၃ အထိ ရောက်ရှိပြီး ကမ္ဘာ့လေထုညစ်ညမ်းမှု အဆင့် ၂ နေရာထိ ရောက်ခဲ့ဖူးကြောင်း မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး