Homeပြည်တွင်းသတင်းမြန်မာနိုင်ငံက ကလေးသူငယ်တွေ ဘက်စုံလူသားချင်းစာနာမှု အကျပ်အတည်းကြုံတွေ့နေရ

မြန်မာနိုင်ငံက ကလေးသူငယ်တွေ ဘက်စုံလူသားချင်းစာနာမှု အကျပ်အတည်းကြုံတွေ့နေရ

၁၈ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဋိပက္ခအများဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပြီး ပဋိပက္ခပြင်းထန်မှုအဆင့်ကလည်း ကမ္ဘာ့ဒုတိယအမြင့်ဆုံးအထိ ရောက်ရှိခဲ့တယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက သုံးသပ်ထားပါတယ်။

ဒီအခြေအနေကြောင့် လူဦးရေ ၂၁.၉ သန်းအထိ လူသားချင်းစာနာမှု အကူအညီအရေးပေါ် လိုအပ်နေပြီး အဲ့ဒီထဲမှာ ကလေးသူငယ် ၆.၉ သန်း ပါဝင်နေတယ်လို့ သိရပါတယ်။ ပဋိပက္ခ၊ အကြိမ်ကြိမ် နေရပ်စွန့်ခွာရမှု၊ ကျန်းမာရေးအရေးပေါ်အခြေအနေတွေနဲ့ သဘာဝဘေးအန္တရာယ်တွေ တစ်ပြိုင်နက်တည်း ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံဟာ ဘက်စုံအကျပ်အတည်း အခြေအနေကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇ ရှိ ငလျင်ဟာ လူသားချင်းစာနာမှု လိုအပ်ချက်ရှိသူ ဦးရေကို ထပ်မံတိုးပွားစေခဲ့ပါတယ်။ ငလျင်ကြောင့် ရေပေးဝေရေးစနစ် ၁၀,၀၀၀ ကျော်နဲ့ မိလ္လာစနစ် ၁၀,၄၇၁ ခု ပျက်စီးခဲ့ပြီး လူဦးရေ ၉၂,၀၀၀ ကျော်ဟာ သန့်ရှင်းတဲ့ရေ မရရှိတော့တဲ့ အခြေအနေကို ကြုံတွေ့ခဲ့ရပါတယ်။

နေရပ်စွန့်ခွာရမှု ဆက်လက်မြင့်တက်လာတာကြောင့် ၂၀၂၅ ခုနှစ်ကုန်မှာ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) ဦးရေ ၃.၆ သန်းအထိ ရောက်ရှိလာပြီး အဲ့ဒီထဲမှာ ကလေးသူငယ်အရေအတွက်က အများဆုံးဖြစ်နေပါတယ်။

အကြိမ်ကြိမ် နေရပ်စွန့်ခွာရခြင်းကြောင့် ကလေးတွေဟာ ပညာရေးကနေ အချိန်ကြာကြာ လွဲချော်နေရသလို ကလေးလုပ်သားအဖြစ် ခိုင်းစေခံရတာ၊ စောစီးစွာ အိမ်ထောင်ပြုခိုင်းစေခံရတာတွေပါ ပိုမိုတွေ့လာရတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ထောက်ပြပါတယ်။

ကျန်းမာရေးနဲ့ အာဟာရပိုင်းမှာလည်း အခြေအနေ ဆိုးရွားနေပြီး ၂၀၂၅ ဇွန်လကနေ ၂၀၂၆ မေလအထိ အသက် ၅ နှစ်အောက် ကလေးနဲ့ မိခင် ၄ သိန်းကျော်ဟာ ပြင်းထန်တဲ့ အာဟာရချို့တဲ့မှု ခံစားရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ထို့အပြင် သန့်ရှင်းတဲ့ရေနဲ့ မိလ္လာစနစ် ပျက်စီးမှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ပိုမိုဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်လည်း မြင့်တက်နေပါတယ်။

UNICEF နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ၂၀၂၅ ခုနှစ်အတွင်း ကလေးသူငယ် ၃.၂ သန်းအပါအဝင် လူဦးရေ ၄ သန်းခန့်ကို အကူအညီပေးနိုင်ခဲ့ပေမယ့် လိုအပ်တဲ့ ရန်ပုံငွေ ၃၄၆.၈ သန်းအနက် ၂၅ ရာခိုင်နှုန်းသာ ရရှိခဲ့တာကြောင့် အကြီးမားဆုံး ဘဏ္ဍာရေးကွာဟချက်ကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အကူအညီပေးရေး အဖွဲ့တွေကတော့ လက်ရှိ အခြေအနေအရ အသက်ကယ်ဆယ်ရေး အကူအညီလိုအပ်နေတဲ့ ကလေး ၄ ယောက်ထဲက ၃ ယောက်ဟာ လိုအပ်တဲ့ အကူအညီကို မရရှိဘဲ ကျန်ရစ်နေတယ်လို့ သတိပေးထားပြီး နိုင်ငံတကာအနေနဲ့ ရန်ပုံငွေ ပံ့ပိုးမှုတွေကို ချက်ချင်းတိုးမြှင့်ပြီး အကူအညီပေးရေး လမ်းကြောင်းတွေကို အမြန်ဆုံး ဖွင့်ပေးဖို့ တိုက်တွန်းထားပါတယ်။

ဓါတ်ပုံ – Unicef Myanmar

#မြန်မာနိုင်ငံ

#ကလေးသူငယ်အရေး

#လူသားချင်းစာနာမှုအကျပ်အတည်း

#IDP

#ပဋိပက္ခဒဏ်

#အာဟာရချို့တဲ့မှု

#ကျန်းမာရေးအရေးပေါ်

#သဘာဝဘေးဒဏ်

#UNICEF

#NewDayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး