၁၄ ဖေဖော်ဝါရီ ၂၀၂၆
ချစ်သူများနေ့မှာ ချစ်သူကို လက်ပစ်ဗုံးနဲ့ စပရိုက် (Surprise) လုပ်ဖို့ ကြံစည်ထားတဲ့ လူငယ်တစ်ဦးကို ထိုင်းနိုင်ငံ ဘူရီရမ် ခရိုင်အတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးခံရသူဟာ စတု မြို့နယ်၊ ဘန်ယန်းတာဆတ်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး သူ့ရဲ့ နေအိမ်အတွင်းမှာ စစ်အသုံးအဆောင် HDGR 73 အမျိုးအစား လက်ပစ်ဗုံးတစ်လုံး ကို သိမ်းဆည်းထားတာကို တွေ့ရှိခဲ့တာပါ။
သူဟာ လက်ပစ်ဗုံးတစ်လုံးကို အသင့်အသုံးပြုနိုင်တဲ့ အနေအထားနဲ့ ပန်းရောင် ပလတ်စတစ်ဘူးတစ်ခုအတွင်း ထည့်ကာ အိမ်အတွင်း ခေါင်းအုံးအောက်မှာ ဝှက်ထားခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဆိုပါ လက်ပစ်ဗုံးကို ပန်းရောင် ပလတ်စတစ်ဘူးတစ်ခုအတွင်း ထည့်ထားခဲ့တာဖြစ်ပြီး၊ တရားခံက လွန်ခဲ့တဲ့ သုံးလခန့်က ဆူရင်ခရိုင် မှာရှိတဲ့ အမျိုးသားတစ်ဦးဆီက ဘတ်ငွေ ၁,၀၀၀ နဲ့ ဝယ်ယူခဲ့တာလို့ ထွက်ဆိုထားပါတယ်။
ရဲတွေက နယ်မြေလုံခြုံရေးအတွက် ရှောင်တခင် ဝင်ရောက်စစ်ဆေးရာကနေ အဆိုပါ လက်ပစ်ဗုံးကို တွေ့ရှိခဲ့တာဖြစ်ပြီး လူငယ်ကို ချက်ချင်း ဖမ်းဆီးစစ်ဆေးခဲ့တာပါ။ စစ်ဆေးမှုအတွင်းမှာတော့ သူဟာ လွန်ခဲ့တဲ့ သုံးလခန့်က ဘတ်ငွေ ၁,၀၀၀ နဲ့ လက်ပစ်ဗုံးကို ဝယ်ယူခဲ့တာဖြစ်ပြီး ငယ်စဉ်ကတည်းက လက်နက်ခဲယမ်းတွေကို စုဆောင်းရတာ ဝါသနာပါသူဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ရဲစစ်ဆေးမေးမြန်းမှုမှာတော့ တရားခံက အကြမ်းဖက်လုပ်ရပ်အတွက် မဟုတ်ဘဲ ဗယ်လင်တိုင်းနေ့မှာ ချစ်သူကို အံ့အားသင့်စေချင်လို့ လက်ပစ်ဗုံးကို ပြသဖို့ စီစဉ်ခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရချိန်မှာတောင် “ကိုယ့်ကို စောင့်နေပါဦး” လို့ ချစ်သူထံ စကားပါးပေးဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ကတော့ အဆိုပါ လူငယ်ကို ခွင့်ပြုမိန့်မရနိုင်တဲ့ စစ်လက်နက်ပစ္စည်းကို တရားမဝင် လက်ဝယ်ထားရှိမှု နဲ့ အမှုဖွင့်အရေးယူထားပြီး သိမ်းဆည်းရမိတဲ့ လက်ပစ်ဗုံးကို ဖောက်ခွဲရေးပစ္စည်း ဖျက်ဆီးရေးအဖွဲ့ (EOD) နဲ့ စနစ်တကျ ဖျက်ဆီးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


