အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ခြိမ်းခြောက်တဲ့စကားကြုံခဲ့တဲ့ ကိုလံဘီယာ သမ္မတဟာ လိုအပ်လာရင် လက်နက်ပြန်ကိုင်မယ်လို့ တုံ့ပြန်ပြောကြား လိုက်ပါတယ်။
လွန်ခဲ့တဲ့ရက် ဇန်နဝါရီ ၄ ရက်နေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရို ကိုဗင်နီဇွဲလားသမ္မတ နစ်ကိုလက်စ်မာဒူရိုကဲ့သို့ တူညီတဲ့ကံကြမ္မာမျိုး ကြုံသွားနိုင်တယ်လို့ သတိပေးခြိမ်းခြောက်ခဲ့တာပါ။
ထရမ့်ရဲ့ ဒီလို သတိပေးခြိမ်းခြောက်တဲ့အပေါ် ဇန်နဝါရီ ၅ရက်နေ့မှာဘဲ ပက်ထရိုက လူမှုကွန်ရက်မီဒီယာ X ကနေတဆင့်သူဟာ နောက်တစ်ခါ ဘယ်တော့မှ လက် နက်မကိုင်တော့ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပေမဲ့ အမိမြေအတွက် လိုအပ်လာရင် လက်နက်ပြန်ကိုင်ရမှာဖြစ်တယ်လို့တုံ့ ပြန်လိုက်တာဖြစ်ပါတယ်။
ထရမ့်ရဲ့ စွပ်စွဲချက်အရ ကိုလံဘီယာ နိုင်ငံဟာ ကိုကင်းတွေ ထုတ်လုပ်ပြီး အမေရိကန်ကို တင်ပို့ဖို့ ဆန္ဒပြင်းပြနေတဲ့ စိတ်ပျက်စရာ လူပုဂ္ဂိုလ်တစ်ဦးရဲ့ စီမံ အုပ်ချုပ်မှုအောက်မှာ ရှိနေတယ်လို့ ဝေ ဖန်ခဲ့ပါတယ်။
ဒါကြောင့် ဗင်နီဇွဲလားမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးနဲ့ ပုံစံတူသဘောမျိုး ကိုလံဘီ ယာမှာလည်း အကောင်အထည် ဖော်ဖို့ ဆိုတာက သူသဘောကျတဲ့ စိတ်ကူးတစ်ခုလို့ ထရမ့်က ခြိမ်းခြောက်ထားတာပါ။
ကိုလံဘီယာရဲ့ ပထမဆုံး လက်ဝဲယိမ်း နိုင်ငံရေး အမြင်ရှိတဲ့ သမ္မတ အနေနဲ့ ကိုယ့်ကျောကိုယ်လုံအောင် သတိထားသင့်ကြောင်း ပြောကြားထားပါတယ်။
ပက်ထရိုဟာ M-19 မြို့ပြပြောက်ကျား အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ၁၉၈၉ ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက်အရ လက်နက်စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်ဟာ မူးယစ်ဆေးဝါးတိုက်ဖျက်မှုတွေမှာ အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ မဟာမိတ်နိုင်ငံတွေ စာရင်းကနေလည်း ကိုလံဘီယာကို ဖယ်ထုတ်ပစ်ခဲ့ပါတယ်။
ကိုးကား: AFP


