Homeပြည်တွင်းသတင်းရန်ကုန်မြို့ ပုဂ္ဂလိက အထူးကုဆေးရုံအချို့မှာ မီးဖွားရာကနေ သေဆုံးသူအမျိုးသမီး အရေအတွက် များပြားလာနေတယ်လို့ ဆို

ရန်ကုန်မြို့ ပုဂ္ဂလိက အထူးကုဆေးရုံအချို့မှာ မီးဖွားရာကနေ သေဆုံးသူအမျိုးသမီး အရေအတွက် များပြားလာနေတယ်လို့ ဆို

၁၃ စက်တင်ဘာ ၂၀၂၅

ရန်ကုန်မြို့ ပုဂ္ဂလိက အထူးကုဆေးခန်းတွေမှာ တက်ရောက် မီးဖွားရာကနေ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူအမျိုးသမီး ၁၀ ဦးထက်မနည်းရှိနေတယ်လို့ ဗဟိုအမျိုးသမီးဆေးရုံကြီးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံကနေ သိရပါတယ်။

အဲဒီ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ နီးစပ်တဲ့ ပုဂ္ဂလိဆေးခန်းတွေမှာ ငွေကြေးကုန်ကျခံမီးဖွားပေမဲ့ ကျွမ်းကျင်မှုမရှိတာ၊ ခွဲစိတ်မွေးဖွားပေးမဲ့ ဆရာဝန်က တဦး၊ ရက်စေ့လို့ တကယ်တမ်း ခွဲစိတ်ပေးတာက တဦးဖြစ်နေတာ၊ အသက်လုရမဲ့အချိန်ရောက်မှ ဗဟိုအမျိုးသမီးဆေး ရုံကြီးကို လွှဲလာတဲ့ဖြစ်စဉ်တွေကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားကြရတယ်လို့ ဆိုပါတယ်။

အခုလ စက်တင်ဘာ ၅ ရက်နေ့က ရန် ကုန်တိုင်း ဒလမြို့နယ်ထဲမှာဖွင့်ထားတဲ့အထူးကုဆေးခန်းတခုမှာဖြစ်ပွားခဲ့တဲ့ အမျိုးသမီးတဦးရှိခဲ့ပါတယ်။ သူမဟာ သူနေထိုင်ရာ ဒလမြို့က ခွဲစိတ်ကုသခွင့်လိုင်စင်မရှိတဲ့ အထူးကုဆေးခန်းတခုမှာတက်ရောက်မီးဖွားရာကနေ သွေးလွန်သေဆုံးသွားတဲ့အထိ ဖြစ်ပွားခဲ့ရတယ်လို့ သေဆုံးသူအမျိုးသမီးနဲ့ နီးစပ်တဲ့အသိုင်း အဝိုင်းကနေ သိရပါတယ်။

သွေးလွန်သေဆုံးသူအမျိုးသမီးဟာ အသက် ၃၃ နှစ်အရွယ်သာရှိသေးပြီး တရားလွတ်တော်ရှေ့နေ မအိအိအေးဆိုသူဖြစ်ပါတယ်။ သူမဟာ ကလေးကိုမွေးဖွားနိုင်ခဲ့ပေမဲ့ သွေးလွန်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ကနဦး စုံစမ်းသိရပါတယ်။

New Day Myanmar ရဲ့ သတင်းရင်းမြစ်တဦးက “ခွဲစိတ်ခန်းခွင့်မပြုထားဘဲ ခွဲနေတယ်။ အဲဒီဆေးခန်းမှာ ခွဲစိတ်ကုသရာကနေ သေဆုံးတာ အခုအမျိုးသမီးနဲ့ဆိုရင် ၃ ယောက်မြောက်တဲ့။ အဲလိုဆေးရုံဆေးခန်းတွေမှာ ခွဲစိတ်ပြီး သွေးတွေလွန် သွေးတွေသွန်ပြီးမှ လက်လွန်ခြေလွန်ကာမှ ဗဟိုအမျိုးသမီးဆေးရုံကြီးကိုရောက် လာပြီး သေတာက အခုတလော ၁၀ ဦးကျော်ရှိနေပြီ”လို့ ဆိုပါတယ်။

အဲဒီ တရားလွှတ်တော်ရှေ့နေအမျိုးသမီးသေဆုံးခဲ့တာနဲ့ပတ်သက်လို့ လတ်တ‌လောဆေးခန်းကို ချိတ်ပိတ်ထားပြီး၊ စစ်ကော်မရှင်ရဲ့ကျန်းမာရေးဝန်ကြီးဌာနက စုံခုံဖွဲ့စစ်ဆေးနေတယ်လို့သိရပါတယ်။

“တိုင်းကျန်းမာရေးက ဆင်းလာပြီး ဆရာဝန်ကြီးတွေစုံခုံဖွဲ့စစ်ဆေးနေတယ်ကြားတယ်။ ဆမ သိမ်းတာတို့ ဘာတို့ ဖြစ်လာမယ်ထင်တယ်။ အခု ဆေးခန်းက ဆေးရုံးအုပ်ကို ဒလမြို့နယ် ပြည်သူ့ဆေးရုံက ဆေးရုံအုပ်ကြီးက ပုဒ်မ ၃၀၄ နဲ့အမှုဖွင့်ထားတယ်။”လို့ ဆိုပါတယ်။

ဒါအပြင် နစ်နာသူအမျိုးသမီးဘက်က မိသားစုဝင်တွေကလည်း အမှုထပ်ဖွင့်ရန်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ချိတ်ပိတ်ထားတဲ့ အထူးကုဆေးခန်းရဲ့နောက်ပေါက်ကနေ ဆေးရုံသုံးပစ္စည်းတွေကို သယ်ထုတ်နေမျိုးတွေရှိနေတာသိရတယ်လို့ ဒေသခံ New Day Myanmar ရဲ့ သတင်းရင်းမြစ်ကဆိုပါတယ်။

“နောက်ကနေခိုးထုတ်နေတာမြင်တယ်၊ အရှေ့မှာ ကျန်းမာရေးဝန်ကြီးဌာက ပိတ်ထားတယ်ဆိုပေမယ့် နောက်ကနေ ပစ္စည်းတွေကို သယ်ထုတ်နေတယ်”လို့ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒလမြို့နယ်က ဆေးရုံအုပ်နဲ့ ဒလမြို့နယ်က စခန်းမှူးအဆင့်ရှိတဲ့သူတွေက တားမြစ်ရမှာဖြစ်တယ်လို့သူရဲ့အမြင်ကို မှတ်ချက်ပြုထားပါတယ်။

ဒီအခြေအနေတွေနဲ့ပန်သက်လို့ နောက် ဆက်တွဲဆေးရုံအခြေအနေ ၊ နစ်နာသူအမျိုးသမီးရဲ့မိသားစုရဲ့ တရားစွဲဆိုမှု၊ ကျန်းမာရေးဦးစီးဌာနရဲ့ စုံခုံဖွဲ့တဲ့အခြေ အနေတွေကို New Day Myanmar က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ပုံစာ – ဒလမြို့နယ်က ပုဂ္ဂိုလ်လိက ဆေးခန်းမှာ မီးဖွားရာက သေဆုံးခဲ့သူ

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး