မန္တလေးမြို့မှာ ဒီကနေ့ စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီ ၅၂မိနစ်အချိန်ခန့်က အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ငလျင်လှုပ်ခတ်တာဟာ အင်အား ၄.၉ အဆင့်တဲ့ ငလျင်ဖြစ်ပြီး ကျောက်ဆည်မြို့ကနေ ၁၄ မိုင်ခန့်အကွာ ဗဟိုပြုလှုပ်ခတ်ခဲ့တယ်ဖြစ်လို့ သိရပြီး၊ ငလျင်လှုပ်ခတ်မှုကို မြို့ခံတွေသိသိသာသာခံစားခဲ့ရတာ
ကြောင့် နေအိမ်ပြင်ပတွေကို ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
“ကြမ်းတယ်ဗျ။ ဒုန်းဆိုတဲ့အသံနဲ့နှစ်ကြိမ်လှုပ်သွားတာ အိမ်တွေခါထွက်သွားတာ။ ကျွန်တော်တို့လည်းကြောက်ပြီး အိမ်ထဲက ထွက်ပြေးလာရတယ်။ မပြီးနိုင်တော့ဘူးဗျာ ၊မြို့ကလူတွေလည်း ငလျင်နဲ့ တင်စိတ်တွေကြေမွနေပြီ”လို့ ဆိုပါတယ်။
မနေ့က စက်တင်ဘာ ၃ရက်နေ့မှာလည်း
ချမ်းမြသာစည်မြို့နယ်ရဲ့ အနောက်ဘက် ၃ မိုင်ခန့်အကွာကိုဗဟိုပြုပြီး အင်အားပမာဏ ၃.၅ ရစ်(ခ်)တာစကေးရှိ ငလျင် လှုပ်ခတ်ခဲ့ပါသေးတယ်။
အခုနှစ် မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ပြီးတဲ့နောက်မှာ ဒီလိုနောက် ဆက်တွဲငလျင်တွေဟာ ဆက်တိုက်လှုပ်ခတ်ပြီး အတန်ကြာငြိမ်သက်နေရာကနေခပ်စိတ်စိတ်ပြန်လှုပ်ခတ်လာတာဖြစ်ပါတယ်။
စစ်ကော်မရှင် မိုး/ဇ ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ငလျင်လှုပ်ခတ်မှုဟာ အကြိမ်ရေ ၂၀၀ကျော်
ရှိလာပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။


