၂၄ ဧပြီ ၂၀၂၆ | New Day Myanmar
အာဆီယံ အလှည့်ကျဥက္ကဋ္ဌက ဖိလစ်ပိုင်က မြန်မာနိုင်ငံမှာ မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အကျဉ်းသား ၄,၀၀၀ ကျော် လွှတ်ပေးခဲ့တာကို ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်မှာ အထူးသဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာတာကို အားလုံးပါဝင်နိုင်တဲ့ အမျိုးသားညှိနှိုင်းဆွေးနွေးရေးဆီ ဦးတည်တဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခုအဖြစ် မြင်ပြီး ကြိုဆိုထားပါတယ်။
ဒါပေမယ့် အာဆီယံဘက်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်လွှတ်ပေးဖို့ လိုအပ်တယ်လို့ ထပ်မံတိုက်တွန်းထားပြီး စစ်မှန်တဲ့ ညှိနှိုင်းပေါင်းစည်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖို့ အရေးကြီးကြောင်း ထောက်ပြပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ဒေသတွင်းအဖွဲ့ဝင်အဖြစ် ဆက်လက်ထောက်ပံ့သွားမယ်လို့ ပြောထားပြီး နိုင်ငံရေးအကျပ်အတည်းကို မြန်မာပြည်သူတွေကိုယ်တိုင် ဦးဆောင်ဖြေရှင်းနိုင်တဲ့ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းရရှိဖို့ အားပေးနေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက် အခြေခံအဖြစ် အသုံးပြုသင့်တယ်လို့ ထပ်လောင်းအတည်ပြုထားပါတယ်။
ထို့ပြင် ပြည်သူတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ပါဝင်ပတ်သက်သူအားလုံး အနေနဲ့ အဲ့ဒီလုပ်ရပ်ကို ရှောင်ရှားပြီး လိုက်နာဖို့ တိုက်တွန်းထားပါတယ်။
လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ပို့ဆောင်နိုင်ဖို့ အဆင်ပြေတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ ပါဝင်ပတ်သက်သူအားလုံးနဲ့ ဆက်သွယ်ပြီး ပါဝင်မှုရှိတဲ့ ညှိနှိုင်းဆွေးနွေးရေးကို ဆက်လက် အားပေးသွားမယ်လို့ ဆိုပါတယ်။


